ယူကရိန်းအရေး တင်းမာနေစဉ် ရုရှား-ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ယူကရိန်းအရေး တင်းမာနေစဉ် ရုရှား-ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်
Photo - AFP

ဖေဖေါ်ဝါရီ ၁၀

ယူကရိန်းအရေးနဲ့ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဖေဖေါ်ဝါရီ ၁၀ ရက်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်ဖို့ ကြံစည်နေတယ် ဆိုတဲ့ ယူဆချက်တွေနဲ့အတူ အနောက်အုပ်စု နိုင်ငံတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ကြားကပဲ ရုရှား-ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံမှာ လုပ်ဆောင်တဲ့ ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုတော့ ဖေဖေါ်ဝါရီ ၂၀ ရက်အထိ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ် ဆွဲထားပြီး ပြည်ပရန်လိုမှုကို တွန်းလှန် တိုက်ထုတ်မှု ဆိုတာကို ဗဟိုပြုပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေထဲမှာ စစ်သားတွေဟာ နိုင်ငံထဲကို လက်နက်၊ ခဲယမ်းတွေ သယ်ယူပို့ဆောင်မှုကို တားဆီးဖို့ ဘယ်လာရုစ် နယ်စပ် အပိုင်းနေရာတွေမှာ အင်အားဖြည့်တင်းမှု ပုံစံနဲ့ လေ့ကျင့်ကြမှာဖြစ်တယ်လို့ ယင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကတော့ ရုရှားနဲ့ အနောက်အုပ်စုအကြား တင်းမာနေတဲ့ ဆက်ဆံရေးပိုင်းကို ပိုမိုဆိုးဝါးစေခဲ့ပြီး ရုရှားဟာ ယူကရိန်းနဲ့အကြား ယင်းရဲ့ နယ်စပ်မှာ စစ်သား တစ်သိန်းခန့် စုရုံးထားပြီး ယူကရိန်းကို ဖြစ်နိုင်ခြေရှိ ကျူးကျော်မှုတစ်ခု လုပ်ဖို့ စီစဉ်နေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ မော်စကိုမှာ ရောက်နေတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုတွေ မလုပ်ဖို့နဲ့ အကယ်၍ လုပ်မယ်ဆိုရင် အနောက်အုပ်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေရဲ့ ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ဆိုပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားကို တိုက်တွန်းပြောဆိုသွားဖို့ ရှိနေပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ စစ်သားအရေအတွက် ဘယ်လောက် ပါဝင်လေ့ကျင့်နေသလဲ ဆိုတာကို  ရုရှားနဲ့ ဘယ်လာရုစ်တို့က ထုတ်မပြောထားပါဘူး။ ဒါပေမယ့် ရုရှားဟာ ဘယ်လာရုစ်ရဲ့ ဒေသအချို့ဆီ တပ်ဖွဲ့ဝင် ၃၀,၀၀၀ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required