အာဖဂန်နစ္စတန်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းနေကြောင်း WHO သတိပေး

အာဖဂန်နစ္စတန်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းနေကြောင်း WHO သတိပေး

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်ပြီးနောက် ပြည်ပ ငွေကြေးထောက်ပံ့မှု မရှိတော့သည့်အတွက် နိုင်ငံ၏ အခြေခံကျသည့် အဓိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများသည် ကြီးလေးသည့် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်သည်။

“အာဖဂန်ပြည်သူတွေရဲ့ ကျန်းမာရေးဟာ ခုချိန်မှာ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရပါတယ်။ ကျန်းမာရေး အကျိုးရလဒ်တွေပိုင်းမှာ အရင်ရရှိထားခဲ့တဲ့ တိုးတက်မှုအလုံးစုံကို ဆုံးရှုံးရနိုင်ပါတယ်။ အရေးကြီးတဲ့ အဓိက ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အတွက် အလှည့်အပြောင်း အစားထိုး ငွေကြေးထောက်ပံ့မှု ယန္တရားတစ်ခု ရှာဖို့နဲ့ အရှိန်မြှင့်တင်လုပ်ဆောင်ဖို့ WHO ဘက်က နိုင်ငံတကာ အလှူရှင်တွေကို အရေးတကြီး တိုက်တွန်းလျက် ရှိပါတယ်” ဟု WHO က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံ၏ ကျန်းမာရေးစနစ်တွင် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတဝန်း သန်းနှင့်ချီသည့် ပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက် ရှိကြောင်း WHO ထုတ်ပြန်ထားသည်။

အာဖဂန်စ္စတန်၏ ကျန်းမာရေးစနစ်တွင် Sehatmandia အစီအစဉ်သည် အဓိကကျောရိုး တစ်ခု ဖြစ်သည်။

နိုင်ငံ၏ ပြည်နယ် ၃၄ ခုရှိ ကျန်းမာရေး အဆောက်အအုံ ၂,၃၃၁ ခုက ပြည်သူ သန်းချီကို တန်ဖိုးသင့် တင့်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေပြီး အာဖဂန်၏ အများပြည်သူ ကျန်းမာရေး အဆောက်အအုံများ အားလုံး၏ ၆၄ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။

အာဖဂန်နစ္စတန်တွင် ကျန်းမာရေးစနစ်က ဆက်လက် ပြိုလဲလာနေချိန် နိုင်ငံ၏ကျန်းမာရေး ကဏ္ဍအတွက် နိုင်ငံတကာ အကူအညီများ ထပ်မံ ရရှိနိုင်ရေး ဆွဲဆောင်ရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly