AA နှင့် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး မြင့်ဆွေဝင်းအပါအဝင် ၁၁ ဦး သေဆုံး

AA နှင့် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး မြင့်ဆွေဝင်းအပါအဝင် ၁၁ ဦး သေဆုံး
Photo- CJ

ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်စခန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၇ ရက်နေ့က မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူးမြင့်ဆွေဝင်းအပါအဝင် ၁၁ ဦး သေဆုံးသွားကြောင်း ခိုင်မာသော ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ၁၁ ဦးအနက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦးဖြစ်ကြောင်း သတင်းရင်းမြစ်က အတည်ပြု ပြောသည်။

သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးမှာ ဗိုလ်မှူးမြင့်ဆွေဝင်း ကိုယ်ပိုင်အမှတ် ကြည်း (၃၉၆၃၈)၊ တပ်ကြပ်ကြီး အောင်မြင့်ဆွေ (ကိုယ်ပိုင်အမှတ် တ-၆၆၃၀၆၂)၊ တပ်ကြပ်သန်းထွေး (ကိုယ်ပိုင်အမှတ် တ- ၁၀၄၃၇၇)၊ တပ်ကြပ်ယဉ်မြင့် (ကိုယ်ပိုင်အမှတ် တ- ၃၇၄၅၇၂)၊ ဒုတပ်ကြပ်ဘတင် (ကိုယ်ပိုင်အမှတ် တ- ၃၉၂၃၉)၊ တပ်သား ထိန်လင်းအောင် (ကိုယ်ပိုင်အမှတ် တ- ၅၁၃၈၈၈) နှင့် တပ်သားအောင်အောင် (ကိုယ်ပိုင်အမှတ် တ- ၅၁၃၁၄၇) တို့ဖြစ်ကြောင်း အမိန့်ပြန်တမ်းစာတွင် ဖော်ပြထားသည်။

ဗိုလ်မှူးမြင့်ဆွေဝင်းသည် ယာယီတပ်ရင်းမှူးဖြစ်သည်ဟု သီးခြားသတင်းအရင်းအမြစ်တစ်ခုအရလည်းသိရသည်။ 

သေဆုံးသွားသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေအသေးစိတ်ကိုမှု မသိရသေးပေ။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က မောင်တောကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်အနီးရှိ ဖားဝပ်ချောင်းကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စီးနင်းလာသော အရပ်သားပိုင် သစ်တင်ကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးအပါအဝင် ၁၁ ဦး သေဆုံးပြီးနောက် မိနစ် ၃၀ နီးပါးကြာ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက အတည်ပြုထားသည်။ 

ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ စီးနင်းလာသော သစ်တင်ကားမီးလောင်ပြီးနောက် ဒေသခံ ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးလည်း သေဆုံးခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required