မုံရွာ၌ CDM ဘဏ်ဝန်ထမ်းများကို ဖိအားပေးသည့် ပုဂ္ဂလိက ဘဏ်မန်နေဂျာများကို ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

By ပါခွီး
09 February 2022
မုံရွာ၌ CDM ဘဏ်ဝန်ထမ်းများကို ဖိအားပေးသည့် ပုဂ္ဂလိက ဘဏ်မန်နေဂျာများကို ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း မုံရွာမြို့၌ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသော ဘဏ်ဝန်ထမ်းများကို ဖိအားပေးသည့် ပုဂ္ဂလိက ဘဏ်များကို မုံရွာခရိုင်တပ်ရင်း (၂) (Chindwin Attack Force) က ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်တွင် သတိပေးစာ ထုတ်ပြန်သည်။

“ဘဏ်မန်နေဂျာတွေက CDM ဝန်ထမ်းတွေကို ပစ်မှတ်ထား ဖိနှိပ်နေတယ်။ ချေးငွေ ပြန်မဆပ်ရင် တရားစွဲမယ်၊ အလုပ်ထုတ်မယ်၊ ခြိမ်းခြောက်တာမက အခု စပြီး တရားစွဲဆိုတာတွေပါ လုပ်နေပြီ ” ဟု မုံရွာခရိုင်တပ်ရင်း (၂) (Chindwin Attack Force) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်တွင် ဘဏ်များသည် တိုင်းပြည် အနာဂတ်အတွက် ဘဝကို ရင်းနှီးကာ CDM ပြုလုပ်နေသော ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းချေးငွေ အတင်းအဓမ္မ ပြန်လည် ဆပ်ခိုင်းခြင်း၊ ဝန်ထမ်းတိုင်း စုဆောင်းရသည့် ၁၀ ရာခိုင်နှုန်း စုဆောင်းငွေများအား သိမ်းဆည်းမည်ဟု ဆိုခြင်း စသဖြင့် ခြိမ်းခြောက် ဖိနှိပ်မှုများ ရှိနေသည်ဟု ဆိုထားသည်။

ထို့ပြင် ပြည်သူများ၏ စုဆောင်းထားငွေများကိုလည်း အပြည့်အဝ ထုတ်မပေးဘဲ အရစ်ကျဖြင့် ထုတ်ပေးခြင်း၊ တုံကင်ယူခိုင်း၍ အချိန်ဆွဲ ထုတ်ပေးခြင်း၊ မိမိငွေအား ရာခိုင်နှုန်း ပြန်ပေး၍ ထုတ်ယူ နေရခြင်းများလည်း ရှိနေသည်။

ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဖိအားပေးခြင်းများ လုပ်ဆောင်နေသော Non CDM ဘဏ်ခွဲ မန်နေဂျာများ၊ ဒုဘဏ်ခွဲ မန်နေဂျာများ အဆိုပါလုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန်နှင့် နောက်နောင် အလားတူ လုပ်ရပ်များ ထပ်မံ ကျူးလွန်ပါက မုံရွာခရိုင် တပ်ရင်း (၂) (Chindwin Attack Force) က ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။ လက်ရှိတွင် မုံရွာမြို့၌ ပုဂ္ဂလိက ဘဏ်ခွဲ ၁၀ ခုကျော် ရှိနေသည်။

မုံရွာမြို့ ထန်းတောအင်းစပ် ကန်ပတ်လမ်းတွင် အရပ်ဝတ်ဖြင့် လှည့်လည်ကာ သတင်း ထောက်လှမ်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား တစ်ဦးနှင့် ရဲ တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အသတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required