ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုသည့် အီမရန်ခန်း၏ မျှော်လင့်ချက် ပျက်ပြယ်

ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုသည့် အီမရန်ခန်း၏ မျှော်လင့်ချက် ပျက်ပြယ်

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် ပေကျင်းအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိချိန်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် သီးခြားတွေ့ဆုံဆွေးနွေးနိုင်ရေး မျှော်လင့်ထားခဲ့သော်လည်း အဆိုပါ မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရကြောင်း သိရသည်။

ယခုလအတွင်း ဆောင်းရာသီ ပေကျင်းအိုလံပစ်ပြိုင်ပွဲ ကျင်းပသည့် တရုတ်တွင် ပူတင်-အီမရန် ခန်း တို့၏ တွေ့ဆုံမည့် အစီအစဉ် ပါဝင်မည်မဟုတ်ကြောင်း ရုရှားဘက်က ထုတ်ပြန်ထားသည်။

သို့သော် ပူတင်သည် ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီးသန့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

“သမ္မတ ပူတင်ရဲ့ တရုတ်နိုင်ငံခရီးစဉ် အစီအစဉ်တွေထဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုကလွဲပြီး အခြား ဘယ်ခေါင်းဆောင်နဲ့မှ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးဆိုတာကို အထူးပြော ပြောလိုပါတယ်” ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားသတင်းမီဒီယာ TASS ကို ပြောခဲ့သည်။

“ပြိုင်ပွဲစီစဉ်သူတွေအနေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအဝင် အားကစားသမားတွေနဲ့ ဧည့်သည်တွေအပေါ်မှာ တင်းကျပ်တဲ့ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်တွေ ချမှတ်ရမှာဖြစ်တယ်။ ဒါကြောင့် ရုရှားသမ္မတရဲ့ တရုတ်ခရီးစဉ်အတွင်း အခြား ဘယ်အစည်းအဝေးမှ ရှိမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

အီမရန် ခန်းသည် ယခုလ အစောပိုင်းက ရုရှားသမ္မတ ပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုထားခဲ့ပြီး ပေကျင်းတွင် ပါကစ္စတန်-ရုရှား ခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံရေး အစီအစဉ်တစ်ခု ထည့်သွင်းဖော်ဆောင်ရန် ပါကစ္စတန်ဘက်က ကြိုးပမ်းထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly