ပုလဲမြို့နယ်၌ ပျူစောထီးများ သင်တန်းတက်နေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်

ပုလဲမြို့နယ်၌ ပျူစောထီးများ သင်တန်းတက်နေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်

ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းများကို ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ပျူစောထီးများကို စစ်ကောင်စီတပ်သားများက သင်တန်းပေးနေစဉ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"အင်မထီး ပျူစခန်းကို မဟာမိတ် အဖွဲ့ဝင် အင်အား ထက်ဝက်၊ ဇီးဖြူကုန်း ပျူစခန်းကို မဟာမိတ်အဖွဲ့ဝင် ထက်ဝက်ခွဲကာ တိုက်ပွဲ ဆင်နွှဲခဲ့ပါသည်။ မဟာမိတ် အဖွဲ့များနှင့် ပျူများ တစ်နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မဟာမိတ်အဖွဲ့များ ထိခိုက်မှု မရှိခဲ့ပါ " ဟု ပုလဲ (ပကဖ) တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲတွင် အင်မထီးရွာ၌ စစ်တပ်ဘက်က အင်အား ၄၀ ခန့်ရှိပြီး ဇီးဖြူကုန်းရွာ၌ စစ်ကောင်စီ တပ်သား ၁၀ ဦးနှင့် ပျူစောထီး ၃၀ ခန့် ရှိသည်ဟု ဆိုသည်။

တိုက်ပွဲချိန် သုံးနာရီ ကြာမြင်ခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်း အဖွဲ့များဘက်မှ ကျဆုံးမှုများ ရှိနိုင်သည်ဟု ဆိုသော်လည်း မဇ္စျိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုတိုက်ခိုက် လုပ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် ၁၂ ဖွဲ့ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၈ ရက် ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ၌ အခြေချပြီး ပျူစောထီး သင်တန်း ပေးနေသော စစ်ကောင်စီတပ်နှင့် သင်တန်းတက်နေသည့် ပျူစောထီးများ ဝင်ရောက် တိုက်ခိုက် ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required