NLD အစိုးရလက်ထက် ဝန်ထမ်း အတိုးမဲ့ချေးငွေများ စစ်ကောင်စီက အကြိမ်ကြိမ် ပြန်တောင်းနေ

By စန်းကျိန်
08 February 2022
NLD အစိုးရလက်ထက် ဝန်ထမ်း အတိုးမဲ့ချေးငွေများ စစ်ကောင်စီက အကြိမ်ကြိမ် ပြန်တောင်းနေ

ဖေဖော်ဝါရီ ၈

စစ်အာဏာသိမ်းမှု အကြမ်းမဖက် ဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သော CDM ဝန်ထမ်းများ၏ အတိုးမဲ့ ချေးငွေများကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အကြိမ်ကြိမ် တောင်းခံနေကြောင်း ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာန CDM ဝန်ထမ်းများထံက သိရသည်။

NLD အစိုးရ လက်ထက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကုန် ၊ COVID-19 ဒုတိယလှိုင်းအတွင်း နိုင်ငံတော် ဘတ်ဂျက်မှ အမြဲတမ်း နိုင်ငံ့ဝန်ထမ်းများကို လစာ၏ နှစ်လစာ ငွေကြေးအား အတိုးမဲ့ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

ထို ငွေများ ပြန်ဆပ်ရန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စာတိုက်မှ စာပို့ ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း ထပ်မံတောင်းခံကြောင်း အလုပ်သမားဝန်ကြီးဌာန CDM ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

''သူတို့(စစ်ကောင်စီ) ဘက်က ဘာဆက်လုပ်မယ်တော့ မသိဘူး။ ကြွေးမဆပ်ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဘာဆက်လုပ်ရမယ်မှန်း မသိဘူး။ အတူတူ CDM လုပ်နေတဲ့ သူတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ကြမှာပါ။ ပြီးတော့ အဲကိစ္စတွေကို ဘာဆက်လုပ်ရမလဲ ဆိုတာ NUG တို့က သတ်သတ်မှတ်မှတ် လမ်းပြပေးသင့်တယ်။ အခုဟာက CDM တွေလည်း ကိုယ့်ဟာနဲ့ကိုယ် ကြံကြံခံရင်း လုပ်နေရတာ။ ငါ့အစိုးရ ဒီလိုပြောတယ် ဒီလို လိုက်နာမယ် ဆိုတော့ အားရှိတာပေါ့။ CDM ဝန်ထမ်းတွေအတွက် လျှော်ကြေးငွေ၊ ချေးငွေ ပြန်ဆပ်ခိုင်း နေတာနဲ့ ပတ်သက်ပြီး တိတိကျကျ လမ်းညွှန်မှု ပေးတာတို့ ထုတ်ပြန်ချက်တို့ ထုတ်ပေးရင် အနည်းဆုံး အားဖြစ်တာပေါ့'' ဟု CDM ဝန်ထမ်း တစ်ဦးက ဆိုသည်။

CDM ဝန်ထမ်းများအား ချေးငွေ ပြန်ဆပ်ခိုင်းသည့်အပြင် ဝန်ထမ်းခန့်ထားရေး မူအရ ကတိဝန်ခံ စာချုပ် သက်တမ်း မပြည့်သေးသူများအား လျှော်ကြေးငွေ ကျပ် ၅၀၀,၀၀၀ (ကျပ် ငါးသိန်း) ပေးသွင်းခိုင်းကြောင်း CDM ဝန်ထမ်းအချို့ထံက သိရသည်။

''စာချုပ်မပြည့်လို့ လျော်ကြေးတောင်းတာက မမှန်ဘူးလေ။ ကိုယ်တွေက ထွက်တာ မဟုတ်ဘူး။ သူတို့ ထုတ်တာလေ။ စာချုပ်ထဲမှာက ငါးနှစ် မပြည့်သေးဘဲ နှုတ်ထွက်လျှင်လို့ပါတာ။ အခုဟာက ကိုယ်တွေက နှုတ်ထွက်တာ မဟုတ်တော့လေ ပေးစရာ အကြောင်းကို လုံးဝမရှိတာ'' ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အလုပ်သမားဝန်ကြီးဌာန CDM ဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခုမှ အရာထမ်း၊ အမှုထမ်း ၁၆၆ ဦးသည် ဖေဖော်ဝါရီလ ၈ ရက်ကစ၍ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly