ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ၄ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ၄ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်

ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား လေးရက်ဆက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာနှင့် သုံး ကီလိုမီတာခန့် အကွာ၊ လက်ပံတောင်ကြောရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်း တစ်ခုကို စစ်ကောင်စီ ခမရ (၃၅၂) စစ်ကြောင်းက လက်ဦးမှု ရယူ တိုက်ခိုက်ခြင်းကြောင့် AA ဘက်က ကင်းသမားတစ်ဦး ကျဆုံးပြီး နောက်ဆက်တွဲ အနေဖြင့် တိုက်ပွဲ ပြင်းထန်လာနေခြင်း ဖြစ်သည်။

အဆိုပါ လက်ပံတောင်ကြောရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းနေရာကို အာဏာသိမ်း စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင် ဝင်ရောက်လာသည့် အတွက် ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းက စတင်ကာ သုံးနာရီ နီးပါးကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် ည ၁၁ နာရီကျော်ကလည်း မောင်တောမြို့၊ ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ် အနီးရှိ ဖားဝပ်ချောင်းကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား မိနစ် ၃၀ နီးပါးကြာ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာက အုပ်ချုပ်ရေးမှူး တစ်ဦးက မဇ္ဈိမကို ပြောသည်။

“မနေ့က ညပိုင်း အိပ်ခါနီး အချိန်မှာ တိုက်ပွဲဖြစ်ကြတာ။ ကျီးကန်းပြင် ဌာနချုပ်နားမှာပါ။ မိနစ် ၃၀ နီးပါးလောက် ကြာမယ်။ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ကြားရတယ်” ဟု အနီးအနား ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စီးနင်းလာသော အရပ်သားပိုင် သစ်တင်ကားတစ်စီးကို ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ် အနီးတွင် AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သစ်ကားမီးလောင်သွားကာ ဒေသခံ အမျိုးသမီး တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များသို့ တဖန်ကူးစက် ကျယ်ပြန့်လာဖွယ်ရှိကြောင်း ရခိုင်နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

“မနေ့က မိုင်းဆွဲတိုက်ခိုက်တဲ့ ပုံစံမျိုးလည်း ကြားတယ်။ သူတို့ (စစ်ကောင်စီ) က တစ်ဖက်က နာလာရင်တော့ တစ်ခြား နေရာတွေမှာလည်း ဆက်တိုက် ဖြစ်သွားနိုင်တာပေါ့။ စစ်ပွဲတစ်ပွဲက တစ်နေရာတည်း ကွက်ပြီးလို့မှ မရတာ။ ကိုယ်အားသန်ရာ နေရာတွေမှာ ထိုးစစ်တွေ ပြန်ဆင်လာကြမှာပေါ့။ အဲဒီအခါ ပိုပြီးတော့ ကျယ်ပြန့်လာမယ်။ အခုချိန်မှာ သူတို့ ဆွေးနွေးမှု မရှိရင် ကျယ်ပြန့်လာမယ်။ ဘယ်သူမှ တားလို့ရမှာမဟုတ်ဘူး” ဟု ရခိုင်နိုင်ငံရေး လေ့လာသူ ဦးဖေသန်းက သုံးသပ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းကလည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ ရေနောက်ငါးသားကျေးရွာနှင့် ငါးရံ့ချောင်းကျေးရွာ အနီးတွင် ထိတွေ့ ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ကြားခံ အဖွဲ့အစည်းများက တစ်ဆင့် ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ် အနောက်ဘက်ခြမ်းရှိ ပီချောင်းဒေသ တစ်ဝိုက်တွင် စစ်ကြောင်းချီလာသော အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့အကြား နှစ်ဘက် ထိပ်တိုက်တွေ့ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သော်လည်း ပစ်ခတ်မှုများ မရှိခဲ့ပေ။

ကျောက်တော် ဒေသခံ ကိုဇော်ဝင်း က “ အခုရခိုင်မှာ စစ်ဘေးရှောင် အရေအတွက် ၁၀၀,၀၀၀ ကျော် ရှိသေးတယ်။ နောက်ထပ်လည်း များလာမှာပဲ။ ဒါက စစ်ရဲ့သဘောသဘာဝ၊ ဖိနှိပ်ခံ လူသားတိုင်းရဲ့ မဖြစ်မနေ တာဝန်ကလည်း မတရားဖိနှိပ် နယ်ချဲ့ ကျူးကျော်တဲ့ သူတွေကို တော်လှန် တိုက်ထုတ်ရမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီ အမြစ်မပြတ်သရွေ့ တိုက်ပွဲတွေတော့ ဆက်ရှိနေမှာပဲ” ဟု သုံးသပ်သည်။

လတ်တလော စစ်ရေး အခြေအနေအရ တိုက်ပွဲ ကျယ်ပြန့်လာနိုင်ပြီး စစ်ဘေးရှောင်များလည်း ထပ်တိုးလာနိုင် သကဲ့သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မတရား ဖမ်းဆီးမှုများလည်း ရှိလာနိုင်သည့် အတွက် သတိထား နေထိုင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ကျောက်တော်မြို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်ကို စစ်ကောင်စီက နှစ်လ ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် စစ်အင်အား တိုးချဲ့မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ကာ နှစ်နှစ်နီးပါးကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက စတင်၍ တိုက်ပွဲများ ယာယီ ရပ်တန့်နေခဲ့ရာမှ တစ်နှစ်ကျော် အကြာတွင် တစ်ကျော့ပြန် တိုက်ပွဲ ပြင်းထန်လာခြင်း ဖြစ်သည်။

ယခင်တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ဦး‌ေရ ၂၀၀,၀၀၀ ကျော် ရှိခဲ့ပြီး လက်ရှိ အချိန်ထိ ဒုက္ခသည် အများစု နေရပ် မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required