အနောက်အုပ်စုနဲ့ သွေးကွဲအောင် ရုရှက သပ်လျှိုနေဟု ယူကရိန်း ပြော 

အနောက်အုပ်စုနဲ့ သွေးကွဲအောင် ရုရှက သပ်လျှိုနေဟု ယူကရိန်း ပြော 
Photo - AFP

ဖေဖော်ဝါရီ ၈

အနောက်မဟာမိတ်တွေနဲ့ ယူကရိန်းကို ခွာပြဲသွားအောင် ရုရှနိုင်ငံက ကြိုးပမ်းနေတယ်ဆိုပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရီ ကူလီဘာက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။ အိမ်နီးချင်း ယူကရိန်းနယ်စပ်မှာ ရုရှတပ်တွေ တပ်စွဲတာနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပြေလျော့ရေးအတွက် ဥရောပခေါင်းဆောင်တွေက လုံးပမ်းနေချိန်လည်း ဖြစ်ပါတယ်။ 

“ရုရှနိုင်ငံကနေ အသည်းအသန် ကြိုးပမ်းနေတဲ့ ဘယ်သူမှ၊ ဘယ်အရေးကိစ္စကမှ ယူကရိန်းနဲ့ မဟာမိတ်တွေကြား သပ်လျှိုသွေးခွဲနိုင်မှာ မဟုတ်ဘူး”ဆိုပြီး ကီယတ်မြို့မှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘားဘော့နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကူလီဘာက ပြောပါတယ်။ 

ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ကရင်မလင်ကို ရောက်ရှိပြီး တင်မားမှုတွေ ပြေလျှော့ရေးအတွက် ရုရှခေါင်းဆောင် ဗလာဒီမာ ပူတင်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းကို တင်းပြည့်စစ်ပွဲနဲ့ ရုရှက ကျူးကျော်လာနိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ 

ဥရောပ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ပြေလျော့ရေး ဥရောပခေါင်းဆောင်တွေ လုံးပမ်းနေကြတာ ဖြစ်ပေမယ့် ယူကရိန်းထံကနေ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ရုရှဟာ ရှစ်နှစ်လောက် အကြာမှာ နောက်ထပ် ကျူးကျော်လာမယ်ဆိုရင်တော့ ‘ကြီးမားတဲ့ နောက်ဆက်တွဲ အကျိုးဆက်’ကို ရင်ဆိုင်ရမယ်လို့ သတိပေးထားကြပါတယ်။ 

“ဒီအတွက်တော့ ကျွန်မတို့ဟာ ရုရှအပေါ် အရေးယူဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မကြုံဖူးအောင် ဖြစ်လာလိမ့်မယ်၊ အားလုံးသော မိတ်ဖက်တွေနဲ့အတူ ကျွန်မတို့ ပူးပေါင်းပြင်ဆင်နေကြတာ ဖြစ်တယ်”လို့ အန်နာလီနာ ဘားဘော့က ပြောပါတယ်။ 

“ကျွန်မတို့အနေနဲ့ စီးပွားရေးအရလည်း ရင်းဖြစ်ဖို့ ပြင်ဆင်ထားပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ယူကရိန်း လုံခြုံရေးကို အဓိကထားလို့ပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ နယ်စပ်မှာ တပ်အင်အား ၁၀၀၀၀၀ ကျော် တပ်စွဲထားတဲ့ ပူတင်က အနောက် မဟာမိတ် နေတိုးအုပ်စုမှာ ယူကရိန်းကို မပါဝင်စေဖို့ အပါအဝင် နေတိုးနဲ့ အမေရိကန်တို့ဆီကနေ လုံခြုံရေးအာမခံ တောင်းဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required