ယူကရိန်းအရေး ပြင်သစ်သမ္မတနဲ့ ဆွေးနွေးပြီးနောက် အပေးအယူလုပ်ရန် အသင့်ရှိလို့ ပူတင် ပြော 

ယူကရိန်းအရေး ပြင်သစ်သမ္မတနဲ့ ဆွေးနွေးပြီးနောက် အပေးအယူလုပ်ရန် အသင့်ရှိလို့ ပူတင် ပြော 
Photo - AFP

ဖေဖော်ဝါရီ ၈

ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်နဲ့ တနင်္လာနေ့က ဆွေးနွေးပြီးနောက်မှာ ယူကရိန်းအရေး အပေးအယူလုပ်ရန် အသင့်ရှိနေတယ်လို့ ပြောဆိုလာပါတယ်။ 

ယူကရိန်းအရေးမှာ တင်းမာမှုတွေ တိုးပွားအောင် လုပ်ဆောင်နေတယ်ဆိုပြီး အနောက်အုပ်စုကို ပူတင်က အပြစ်ဆိုနေပေမယ့် မက်ခရွန် တင်သွင်းလာတဲ့ အဆိုပြုချက်ကို စဉ်းစားသုံးသပ်သွားမယ်လို့ ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ 

ရုရှမှာ ငါးနာရီနီးပါးကြာ ဆွေးနွေးကြပြီးနောက်မှာ ပူတင်နဲ့ မက်ခရွန်တို့နှစ်ဦးဟာ စစ်အေးကာလအဆုံးသတ်နောက်ပိုင်းမှာ ရုရှနဲ့ အနောက်အုပ်စုကြား အဆိုးဝါးဆုံးဖြစ်တဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ လမ်းစပေါ်ပြီလို့ မျှော်လင့်ပြောဆိုကြပါတယ်။ 

မော်စကိုဆီ လာရောက်တဲ့အတွက် မက်ခရွန်ကို ကျေးဇူးတင်စကား ထပ်လောင်းပြောရင်း ပူတင်က ပြင်သစ်သမ္မတဟာ စဉ်းစားသုံးသပ်စရာကောင်းတဲ့ အယူအဆသဘောထားအချို့ကို ချပြခဲ့ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“သူ့ အယူအဆနဲ့ အဆိုပြုချက် အချို့ဟာ နောက်တိုးခြေလှမ်းတွေအတွက် အခြေခံဖြစ်နိုင်ပါတယ်”လို့ ပူတင်က ပြောပြီး “အားလုံးနဲ့ သင့်တော်မယ့် အပေးအယူကို ဖော်ဆောင်သွားဖို့ ကျွန်တော်တို့ ဘာမဆို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဆိုပြီး ဖြည့်စွက်ပြောပါတယ်။ 

အသေးစိတ်ကို ပူတင်က ပြောဆိုတာ မရှိပေမယ့်လည်း အင်္ဂါနေ့မှာ ယူကရိန်း သမ္မတ ဇယ်လန်စကီးနဲ့ မက်ခရွန်တို့ တွေ့ဆုံပြီးနောက်မှာ သူနဲ့ မက်ခရွန်အနေနဲ့ ဖုန်းကနေ ဆက်သွယ်ပြောဆိုဦးမှာဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။ 

မြဲမြံတဲ့ လုံခြုံရေး အာမခံချက်ရှိတဲ့ အဆိုပြုချက်ကို တင်ပြခဲ့တာဖြစ်တယ်လို့ မက်ခရွန်က ပြောပြီး ပူတင်ဟာ စိတ်ဝင်စားဟန်နဲ့ ပူးပေါင်းဖို့ အသင့်မှာဖြစ်တယ်လို့ အာမခံပေးတယ်လို့ ဆိုပါတယ်။ 

အဆိုပြုချက်တွေမှာ ရုရှနဲ့ ယူကရိန်းနှစ်ဖက်စလုံးက ဘယ်လို စစ်ရေးဆောင်ရွက်ချက်သစ်ကိုမဆို မပြုလုပ်ဖို့၊ မဟာဗျူဟာ ဆွေးနွေးပွဲသစ်တွေ ဖော်ဆောင်ဖို့နဲ့ ယူကရိန်းရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းနိုင်ရေး ကြိုးပမ်းအားထုတ်ဖို့ စတာတွေ ပါဝင်ကြောင်း ပြင်သစ်သမ္မတက ပြောပါတယ်။ 

နယ်စပ်မှာ ရုရှက စစ်အင်အား ထောင်ပေါင်းများစွာ တပ်ချထားတာကြောင့် ယူကရိန်းကို ကျူးကျော်လာနိုင်တယ်ဆိုပြီး အနောက်အုပ်စုက စိုးရမ်ပူပန်နေပေမယ့် ပူတင်က ရုရှအနေနဲ့ ရန်လိုကျူးကျော်စွာ လုပ်ဆောင်နေတယ်ဆိုတာကို ထပ်မံငြင်းဆန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required