စစ်ကောင်စီတပ် အချင်းချင်းမှားယွင်းပစ်ခတ်ရာ အနည်းဆုံး ၂ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီတပ် အချင်းချင်းမှားယွင်းပစ်ခတ်ရာ အနည်းဆုံး ၂ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

ဖေဖော်ဝါရီ ၈

စစ်ကောင်စီတပ် အချင်းချင်းမှားယွင်းပစ်ခတ်ရာ အနည်းဆုံးနှစ်ဦး သေဆုံးကြောင်း KNU က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၄ ရက်က ကျိုက်ထိုမြို့နယ် အတွင်း၌စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ရာ သေဆုံးမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်းမြေပြင်သတင်းပေးပို့ချက်များကို ကိုးကားပြီး KNU ကဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် ပဲခူးဘက်မှ သထုံဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ယာဥ်တန်းအား ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၃)နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းသို့တိုက်ခိုက်ရာ ကား နှစ်စီးထိမှန်ကာ ထိခိုက်ကျဆုံးမှုများသောကြောင့် နောက်ကြောင်းပြန်လှည့်ရာ နောက်တန်းတွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။

ပစ်ခတ်မှုတွင် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၃)နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း KNU ကဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်ည ၁၀ နာရီဝန်းကျင်ခန့်တွင်လည်းအာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်မှ လက်နက်ကြီး 120mm များဖြင့် ရမ်းသမ်းပစ်ခတ်ရာ သဲဖြူချောင်းကျေးရွာအနီးတွင် နှစ်လုံးနှင့် တစ်ဇီးပြောင်း ကျေးရွာအနီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly