ယူကရိန်းကို ကျူးကျော်ရေး လိုအပ်တပ်အင်အား၏ ၇၀ ရာခိုင်နှုန်း ရုရှ ဖြန့်ကြက်ထားဟု အမေရိကန် ပြော 

ယူကရိန်းကို ကျူးကျော်ရေး လိုအပ်တပ်အင်အား၏ ၇၀ ရာခိုင်နှုန်း ရုရှ ဖြန့်ကြက်ထားဟု အမေရိကန် ပြော 

ဖေဖော်ဝါရီ ၇

ယူကရိန်း နယ်စပ်တလျှောက်က အခြေအနေသည် ပို၍ ပြင်းထန်လာနေကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောပြီး ယူကရိန်းကို ရုရှက မည်သည့်အချိန် ကျူးကျော်လာမည်လဲဆိုသည်ကသာ အရေးစိုက်စရာ ဖြစ်လာပြီဟု တနင်္ဂနွေနေ့တွင် သတိပေးသည်။ 

ABC သတင်းဌာန၏ This Week အစီအစဉ်တွင် အမေရိကန် အမျိုးသားအကြံပေးအရာရှိ ဂျိတ် ဆူလီဗန်က ယူကရိန်းအခြေအနေနှင့် ပတ်သက်ပြီး အပွင့်လင်းဆုံး အကဲဖြတ်ချက်ကို ပြောဆိုခဲ့သည်။ ရုရှသမ္မတ ဗလာဒီမာ ပူတင်က လက်ရှိအချိန်တွင် ယူကရိန်းအား အချိန်မရွေး ကျူးကျော်နိုင်ရေးအတွက် စစ်တပ် တပ်ဖြန့်ခြင်းနှင့်အတူ အသင့်ရှိနေသည်ဟု ၎င်းက ဆိုသည်။ 

“ယူကရိန်းကို တိုက်ခိုက်ဖို့ ဗလာဒီမာ ပူတင်က အမိန့်ပေးလာလိမ့်မယ်ဆိုတာ အရမ်းကို ဖြစ်နိုင်ခြေ များနေပြီလို့ ကျွန်တော်တို့ ယူဆတယ်၊ ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ်လာနိုင်တယ်၊ အမြန်ဆုံး မနက်ဖြန် မဟုတ်ရင်တောင် သီတင်းပတ်အနည်းငယ်မှာပဲ ဖြစ်လာနိုင်တယ်”ဟု ဆူလီဗန်က ပြောသည်။ 

ယူကရိန်း နယ်စပ်တလျှောက် တပ်စွဲထားသည့် ရုရှစစ်သည်အင်အား တစ်သိန်းကျော်ထက်မနည်း ရှိနေရာ တင်းပြည့် တိုက်ခိုက်ရေး ဆင်နွှဲရန်အတွက် လိုအပ်သော တပ်အင်အား၏ လေးပုံသုံးပုံနီးပါးကို ပူတင်က တပ်ချထားပြီးဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူများက ယုံကြည်ထားသည်။ ယူကရိန်း ပတ်လည်တွင် ရုရှတပ်များ ဆက်လက် တပ်စွဲနေပြီး ယူကရိန်း ဆိပ်ကမ်းများကို ကျူးကျော်ရာ၌ အသုံးပြုနိုင်ဖွယ်ရှိသည့် ရေတပ်တိုက်ခိုက်ရေးသင်္ဘောများလည်း ပါဝင်သည်ဟု တာဝန်ရှိသူများက ဆိုသည်။ 

ရုရှတပ်စွဲထားသည့် အင်အားနှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုရာ၌ အဆိုပါ တာဝန်ရှိသူများက အမည်မဖော်ဘဲ ပြောကြသည်။ 

တိုက်ပွဲဖြစ်လာသည့်အခါ စစ်သားနှင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးရမည် ဖြစ်သကဲ့သို့ ဘေးလွတ်ရာ ထွက်ပြေးကြရသည့် ယူကရိန်း ဒုက္ခသည်ပေါင်း သန်းပေါင်းများစွာ ရှိမည်ဖြစ်ကာ အနီးနားက ပိုလန်သို့ ထွက်ပြေးကြမှု ဖြစ်၍ ဖြစ်နိုင်သည်ဟု အမေရိကန်က ခန့်မှန်းထားသည်။ 

အမေရိကန်၏ သတိပေးချက်များကို ရုရှတာဝန်ရှိသူများက အဆင့်လျှော့ချပစ်ရန် ကြိုးပမ်းလျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှလက်ထောက်သံအမတ်ကြီး ဒီမီထရီ ပိုလီယန်းစကီးက သတိပေးချက်များသည် “ရူးနှမ်းပြီး ကျီးလန့်စာစားဖြစ်အောင် လှုံ့ဆော်နေခြင်းပဲ” ဖြစ်သည်ဟု ပြောဆိုသည်။ 

“အမေရိကန်က လန်ဒန်ကို တစ်ပတ်ထဲ သိမ်းပိုက်ပြီး အရပ်သား သုံးသိန်းကျော်လောက် သေရလိမ့်မယ်လို့ ကျွန်တော်တို့က ပြောမယ်ဆိုရင်ကော”ဟု ပိုလီယန်းစကီးက တွစ်တာတွင် ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly