စစ်ကောင်စီနှင့် ဆွေးနွေး အဖြေရှာရန် လမ်းမရှိဟု KIO ပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်။
07 February 2022
စစ်ကောင်စီနှင့် ဆွေးနွေး အဖြေရှာရန် လမ်းမရှိဟု KIO ပြော

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်။

ကြားကာလအတွင်း စစ်ကောင်စီနှင့် ဆွေးနွေး ညှိနှိုင်းကာ နိုင်ငံရေး လမ်းကြောင်း အဖြေရှာနိုင်ရန် လမ်းစ မရှိဘူးဟု KIC/KIO ကချင်လွတ်လပ်ရေးကောင်စီ/ကချင်လွတ်လပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်ကောင်စီသည် နိုင်ငံတကာရှေ့မှောက်တွင် မျက်နှာရရှိရန် အတွက် တော်လှန်ရေး အဖွဲ့အစည်းများကို တွေ့ဆုံညှိနှိုင်းခြင်းများကို အလေးပေး ပြုလုပ်နိုင်သော်လည်း KIO အနေဖြင့် နိုင်ငံရေး အတွက် အဖြေရှာ ညှိနှိုင်းမည် မဟုတ်ဟု ပြောသည်။

“အခု ကြားကာလအတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ညှိနှိုင်းကာ နိုင်ငံရေးအဖြေရှာနိုင်ဖို့ လမ်းစ မရှိ ဘူး။ မိမိပြုလုပ်သင့်တဲ့ တာဝန်ဝတ္တရားတွေကိုသာ အလေးထားပြုလုပ်ပြီး မိမိတို့ရဲ့အခြေအနေကိုသာ ခိုင်မာ အောင် အဓိက ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေး အခင်းအကျင်း ရရှိလာမယ့် အခြေအနေ ကို ရောက်ရှိလာတဲ့ အချိန်မှာ အသင့်အနေအထားဖြစ်နိုင်အောင် အခု ကြားကာလ အတောအတွင်း မရပ်မနား ပြင်ဆင်နေသင့်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

၂၀၂၂ ဖေဖော်ဝါရီ ၅ ရက် နေ့တွင် ကျရောက်သည့် ၆၁ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူလူထုကိုလည်း ယခုရရှိနေသည့် အချိန်အခါကောင်း ကြားကာလတွင် မိမိတို့ လိုချင်တောင်းတ နေသည့် မျှော်လင့်ချက်ပန်းတိုင်သို့ ရောက်ရှိရန်အတွက် အလွန်အရေးကြီးနေပြီ ဖြစ်သောကြောင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အသက်ပြည့်သူတိုင်း ပါဝင် တာဝန်ယူသင့်သည်ဟု ဆိုသည်။

မိမိတို့ဒေသအတွင်း မိမိတို့၏ အစိုးရစနစ် ခိုင်မြဲအောင် ပြုလုပ်နိုင်ရန်အတွက် အသက်အရွယ် မခွဲခြားဘဲ တတ် သိသည့် နိုင်ငံသားတိုင်း ပါဝင်သင့်သည်ဟုလည်း ပြောဆိုထားသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည့်အတွက် စစ် ဘေးရှောင် ပြည်သူများ တိုးလာနိုင်ကြောင်း၊ ထို့ကြောင့် ကိုယ့်ဒေသအတွက် စားနပ်ရိက္ခာတွေဖူလုံမှုရှိအောင် စားသောက်ကုန်များ ထုတ်လုပ်ကြရန်လည်း မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုထားသည်။

စစ်ကောင်စီသည် စစ်တပ်နှင့် မသက်ဆိုင်သည့် ပြည်သူများကိုလည်း အကြမ်းဖက် ညှင်းပန်း နှိပ်စက်သတ်ဖြတ် နေခြင်းများကိုလည်း ကျူးလွန်သည်ဟု ဆိုသည်။

စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်းနေကြသည့် စစ်တပ်အရာရှိများနှင့် တပ်သားများ အားလုံးက ပြည်သူ လူထုဘက်တွင် အမြန်ဆုံးရပ်တည်ရန် လိုအပ်ကြောင်းနှင့် လက်ရှိအချိန်တွက် စစ်တပ်၏ လုပ်ဆောင်ချက်များ ကို ဆန့်ကျင်တော် လှန်ရမယ့် အချိန်ဖြစ်သည်ဟုလည်း တိုက်တွန်းထားသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ က “နိုင်ငံနဲ့ လူမျိုးချစ်စိတ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်၊ ဗိုလ်၊ တပ်သားတွေ အားလုံးကို ပြောကြားလိုပါတယ်။ သင်တို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို လေးစားပါတယ်။ ဒါပေမယ့် သင်တို့ခံယူ ထားတဲ့ မျိုးချစ်စိတ်နဲ့ လက်တွေ့ လုပ်ဆောင်နေတဲ့ အရာတွေက ဆန့်ကျင်ဘက် ဖြစ်နေတာကို သင်တို့ ပိုပြီး သိ ကြမှာ ဖြစ်ပါတယ်။ သင်တို့မလုပ်ချင်ပေမယ့်လည်း ခေါင်းဆောင်တွေရဲ့ အာဏာတည်မြဲဖို့အတွက် အမိန့်အရ ပြုလုပ်နေရတာဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်အခါအတွင်း ပြည်သူ တစ်ရပ်လုံးနဲ့ ရပ်တည်ဖို့ရန် အတွက် အရေးကြီးနေပါတယ်။ သင်တို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်တိုက်ခိုက်ရမှာဖြစ်ပါတယ်” ဟု ပြော သည်။

ထို့အပြင် ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ရေးတိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့တိုင်းကိုလည်း လေးစားပါကြောင်းနှင့် မိမိတို့သည် သီးသန့်မဟုတ်ဘဲ NUG အစိုးရကို အားလုံး ဝိုင်းဝန်းကူညီ ထောက်ခံ ထောက် ပံ့ကြရန်လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုက်တွန်းထားသည်။

KIO အနေဖြင့် တောတွင်းတော်လှန်ရေးမှ တဆင့်တက်ပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင် နေပြီဟုလည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သည့် ကချင်တော် လှန်ရေးနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KIAကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှ စတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ် ကျင်းပလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required