‘စစ်’ ဟန့်တားရေးအတွက် အမေရိကန်တပ်တွေ ပိုလန်ကို ရောက်ရှိ 

‘စစ်’ ဟန့်တားရေးအတွက် အမေရိကန်တပ်တွေ ပိုလန်ကို ရောက်ရှိ 
Photo - AFP

ဖေဖော်ဝါရီ ၇

ရုရှနဲ့ တင်းမာနေတာကြောင့် စစ်ကူအားဖြည့်ရေးအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပိုလန်နိုင်ငံဆီ အမေရိကန်တပ်ဖွဲ့ဝင်တွေ တနင်္ဂနွေနေ့မှာ ရောက်ရှိလာပါတယ်။ “ဘယ်လို စစ်ရေး ရည်ရွယ်ချက်” ကိုမဆို ဟန့်တားဖို့အတွက်နဲ့ လိုအပ်ရင် နေတိုးအုပ်စုကို ကာကွယ်ပေးဖို့အတွက် အခုလို စစ်ရေးအားဖြည့်တာဖြစ်တယ်လို့ အမေရိကန်တပ်မှူးက ပြောပါတယ်။ 

အမေရိကန်၊ ဖို့ဘရတ်ချ် အခြေစိုက် အမှတ် ၈၂ လေတပ်တပ်ရင်းက လေထီးစစ်သည်တွေဟာ အမေရိကန်လေတပ် Boeing C-17 လေယာဉ်နဲ့ ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်း Rzeszow လေဆိပ်ဆီ ဂရင်းနစ်စံတော်ချိန် ၁၃ နာရီမှာ ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

“အခု စစ်အင်အားဟာ ကျွန်တော်တို့ရဲ့ ပိုလန်မဟာမိတ်တွေနဲ့အတူ စစ်ရေးအသင့်ရှိမှုအတွက် ဒီမှာ ရှိနေမှာ ဖြစ်ပါတယ်၊ လိုအပ်ရင် နေတိုးအဖွဲ့ဝင်တိုင်းကို ကာကွယ်သွားမှာ ဖြစ်ပါတယ်”လို့ ဒီ တပ်ရင်း ကွပ်ကဲရေးအရာရှိ ခရစ် ဒိုနာဟူးက လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

“သိသိသာသာပါပဲ၊ မရေရာတဲ့ အခု အချိန်မှာ ကျွန်တော်တို့တွေ အတူတကွ ရှိနေတာက ပိုပြီး အားကောင်းတာကို ကျွန်တော်တို့ သိပါတယ်”ဆိုပြီး သူက ပြောပါတယ်။ 

“အခု စစ်တပ် လာတပ်ဖြန့်တာဟာ ဘယ်လို စစ်ရေး ရည်ရွယ်ချက်မျိုးကိုမဆို တားဆီးနိုင်ဖို့အတွက် ကြိုတင်လုပ်ငန်းစဉ်ပဲ ဖြစ်တယ်၊ ခုခံကာကွယ်ရေးအတွက်ပါပဲ”လို့ ဒိုနာဟူးက ဆိုပါတယ်။ 

ယူကရိန်းနယ်စပ်မှာ ရုရှတပ်တွေ တပ်စွဲထားတာကို ရုပ်သိမ်းရေးအတွက် တွန်းအားပေးတဲ့ အနေနဲ့ ဂျာမနီနဲ့ အရှေ့ဥရောပမှာ အမေရိကန်တပ်အင်အား ၃၀၀၀ တပ်ဖြန့်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်က ကြေညာခဲ့တာပါ။ 

နေတိုးရဲ့ အရှေ့ဘက် တောင်ပံဖြစ်တဲ့ ပိုလန် အရှေ့တောင်ပိုင်းမှာ အမေရိကန်စစ်သား ၁၇၀၀ တပ်စွဲလိမ့်မယ်ဆိုပြီး ပိုလန်ကာကွယ်ရေးဝန်ကြီး မာရုစ် ဘလက်ရှီက ပြောထားပါတယ်။ 

ကွန်မြူနစ်အဖွဲ့ဝင် နိုင်ငံဟောင်းဖြစ်ပြီး ယူကရိန်းနဲ့ နယ်စပ်ထိစပ်နေတဲ့ ပိုလန်နိုင်ငံဟာ ၁၉၉၉ မှာ နေတိုးအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ပိုလန်မှာ အလှည့်ကျအားဖြင့် အမေရိကန် တပ်အင်အား ၄၅၀၀ ဝန်းကျင် တပ်စွဲထားပြီးသားလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly