ယူကရိန်းနယ်စပ်မြို့မှာ လူထောင်ချီစုဝေးပြီး ရုရှားခြိမ်းခြောက်မှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်

ယူကရိန်းနယ်စပ်မြို့မှာ လူထောင်ချီစုဝေးပြီး ရုရှားခြိမ်းခြောက်မှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်
Photo - AFP

ဖေဖော်ဝါရီလ ၆ ရက်

ရုရှားနယ်စပ်ကနေ ၄၀ ကီလိုမီတာမျှသာ ကွာဝေးတဲ့ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကစ်ဗ်မှာ ယမန်နေ့က ဒေသခံပြည်သူထောင်ချီ စုဝေးပြီး ယူကရိန်းကို ကျူးကျော်ဝင်ရောက်နိုင်တဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“စည်းလုံးညီညွတ်စွာ ချီတက်မှု” လို့ ခေါ်ခဲ့တဲ့ ယင်းဆန္ဒပြပွဲကိုတော့ ယူကရိန်းအမျိုးသားရေးအဖွဲ့တွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ ရုရှားကို အလိုမရှိဘူး” လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အငြိမ်းစားတစ်ဦးဖြစ်တဲ့ အိုင်ရီနာ ဂေယီဗာက ပြောပါတယ်။

“ကျွန်မကို ခရိုင်းမီးယားမှာ မွေးခဲ့တာပါ။  ဒီလောက်လို လုံလောက်နေပါပြီ။ သူတို့ဟာ ကျွန်မဆီကနေ ကျွန်မရဲ့ မွေးရပ်မြေကိုလည်း လုယူထားပြီးပါပြီ။ ကျွန်မ ဒီမှာ ကြီးပြင်းခဲ့တာပါ။ ကျွန်မ ဒီမှာ နေပါတယ်။ ကျွန်မ မိဘတွေက ရုရှားက ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ကျူးကျော်သိမ်းပိုက်သူတွေကို ကျွန်မ မမြင်ချင်တော့ပါဘူး” လို့ သူမက ပြောသွားပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူခဲ့ပြီး ယူကရိန်းအရှေ့ခြမ်းမှာ ခွဲထွက်ရေးဝါဒီ ပဋိပက္ခတစ်ခုကိုလည်း မီးထိုးပေးနေပါတယ်။

လက်ရှိအချိန်မှာ ရုရှားဟာ ယူကရိန်းနဲ့အကြား နယ်စပ်မှာ တပ်ဖွဲ့ဝင် တစ်သိန်းကျော် စုရုံးထားခဲ့တဲ့အတွက် ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းအပေါ် အဓိကကျူးကျော်မှုတစ်ခု လုပ်ဖို့ စီစဉ်နေပြီ ဆိုပြီး အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်လျက် ရှိပါတယ်။

ရုရှားကတော့ ယင်းအနေနဲ့ ကျူးကျော်ဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ တချိန်တည်းမှာလည်းပဲ နေတိုးမဟာမိတ်အုပ်စုက ဥရောပအရှေ့ပိုင်းမှာ ချဲ့ထွင်လာနေပြီး မိမိတို့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုပြီး ရုရှားက ပြစ်တင်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly