ကော့သောင်းမြို့နယ်၌ ဒီရေတော လျှောက်ထားသည့် ကုမ္ပဏီများကို ကန့်ကွက်ခဲ့သည့် ရွာသားများ ခြိမ်းခြောက်ခံရ 

ကော့သောင်းမြို့နယ်၌ ဒီရေတော လျှောက်ထားသည့် ကုမ္ပဏီများကို ကန့်ကွက်ခဲ့သည့် ရွာသားများ ခြိမ်းခြောက်ခံရ 

ဖေဖော်ဝါရီလ ၆ ရက်

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာ အုပ်စုတွင် ကုမ္ပဏီ သုံးခုက ပုစွန် မွေးမြူရန် ဒီရေတော လျှောက်ထားခြင်းကို ကန့်ကွက်ခဲ့သည့် ဒေသခံများ ခြိမ်းခြောက် ခံနေရသည် ဟု အဆိုပါ ရွာခံက ပြောသည်။

ကုမ္ပဏီများက ရေငန် ပုစွန် မွေးမြူရန် ဒီရေတော မြေဧက ၁၅၀၀ ကျော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က လာရောက် လျှောက်ထားမှုကို  ဒေသခံရွာသား ၄၂ ဦးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

"စူငယ်ဘာလိုင်း ရေငန် ပုစွန် မွေးမြူရေး အတွက် ဒီရေတောကို အစိုးရက ပိုင်တယ်။ မင်းတို့ ကန့်ကွက်ပိုင်ခွင့် မရှိဘူးလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မကြာခင် ကန့်ကွက်သူ အားလုံးကို ရုံးခေါ်ပြီး တွေ့သွားမယ်လို့ ပြောပါတယ်“ ဟု ကန့်ကွက်ရာတွင် ပါဝင်သည့် ပလောဘာလိုင်းရွာခံ တစ်ဦးက ပြောသည်။

ကုမ္ပဏီများက မြေဧက အများအပြားကို လျှောက်ထားရာ ယင်း ဒီရေတောများကို အမှီပြုပြီး လုပ်ကိုင် စားသောက်နေသည့် ဒေသခံများ အလုပ်အကိုင် ရှားပါး လာနိုင်ခြင်းကြောင့် ရွာ ငါးရွာမှ ရွာသူ ရွာသား ၄၂ ဦးက ဦးဆောင်ကာ ကန့်ကွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။

စူငယ်ဘာလိုင်း ကျေးရွာအုပ်စုရှိ စူငယ်ဘာလိုင်း၊ စူငယ်ပါခေါင်း၊ ပလောဘာလိုင်း၊ လိပ်ကျွန်းနှင့် ဝါးကျွန်း ရွာဟူ၍ စုစုပေါင်း ရွာ ငါးရွာမှ ဒေသခံ အများစုသည် အဆိုပါ ဒီရေတောကို မှီခိုပြီး ဝမ်းရေး အတွက် ငါး/ပုစွန်နှင့် ကဏန်းများကို ရှာဖွေ လုပ်ကိုင်ကြသည်ဟု ဒေသခံများက ဆိုသည်။ 

"အဓိကကတော့ စူငယ်ဘာလိုင်း ကျေးရွာ အုပ်စုထဲမှာ ရှိတဲ့ ရွာ ငါးရွာက ပယ်လယ်ပိုင်း ရေလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြု လုပ်ကိုင် စားသောက်နေတဲ့ ရွာတွေ ဖြစ်တယ်။ အခု  ဒီရေတော မြေဧက ၁၅၅၀ ကို ကုမ္ပဏီ သုံးခုက လျှောက်လိုက်မယ် ဆိုရင် ကျွန်တော်တို့ ရွာသားတွေ အနေနဲ့ လုံး၀ အလုပ်အကိုင် ရှားပါးသွားနိုင်တဲ့ကိန်း ဆိုက်နေတယ် " ဟု စူငယ်ဘာလိုင်း ကျေးရွာမှ ကန့်ကွက်စာ တင်ခဲ့သူ ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ နေရာများရှိ ဒီရေတောများကို Golden Panda Co; Ltd က စူငယ်ဘာလိုင်း ဒီရေတောတွင် ၆၀၆.၀၀ ဧက၊ Grand Andaman Co; Ltd က ၁၄၀ ဧကနှင့် Than Pyo Thu Co; Ltd က အော်ကြီး ဒီရေတော ၈၇၄ ဧကတို့ကို လျှောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required