ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဖို့ ရုရှားတို့ အသင့်ပြင်နေဟု အမေရိကန် ပြော

ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဖို့ ရုရှားတို့ အသင့်ပြင်နေဟု အမေရိကန် ပြော
Photo - AFP

ဖေဖော်ဝါရီ ၆

ရုရှားဟာ ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်မှုတစ်ခု လုပ်ဖို့အတွက် တင်ကြိုပြင်ဆင်မှုတွေကို အရှိန်အဟုန်မြှင့်တင်လျက်ရှိတယ်လို့ ထောက်လှမ်းရေး အကဲဖြတ်ချက်တွေကို ကိုးကားပြီး အမေရိကန် အရာရှိကြီးတွေက ပြောပါတယ်။

ဒါပေမယ့်လည်း မော်စကိုဘက်က အဲဒီလို လုံးလုံးလျားလျား ကျူးကျော်မှုလုပ်ဖို့ ခုချိန်မှာ ဆုံးဖြတ်ချက် ချပြီးနေပြီလား ဆိုတာနဲ့ပတ်သက်လို့ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ၎င်းတို့က ပြောပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့အကြား နယ်စပ်မှာ တပ်ဖွဲ့ဝင် ၁၁၀,၀၀၀ အထိ စုရုံးထားတယ် ဆိုပေမယ့် ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဖို့ အမှန်တကယ် ဆုံးဖြတ်ချက် ချထားပြီးပြီလား ဆိုတာကို အမေရိကန်ထောက်လှမ်းရေးဘက်က စူးစမ်းတွက်ချက်နိုင်မှု မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကွန်ဂရက်အမတ်တွေနဲ့ ဥရောပမဟာမိတ်တွေကို ရှင်းလင်းတင်ပြခဲ့တဲ့ အရာရှိတွေက ပြောပါတယ်။

နယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေ စုဝေးနေမှု အတိုင်းအတာဟာ ပူတင်အတွက် လုံးလုံးလျားလျား ကျူးကျော်စစ်တစ်ခု ဆင်နွှဲမယ်ဆိုပါက လိုအပ်မယ့် အင်အားပမာဏကို ရောက်ရှိစေမယ့် နှုန်းထားတစ်ခုနဲ့ ကြီးထွားနေပြီး ဖေဖေါ်ဝါရီလလယ်မှာ စစ်သား ၁၅၀,၀၀၀ အထိ ရောက်ရှိသွားနိုင်တယ်လို့ အမေရိကန် အရာရှိတွေက လွှတ်တော်အမတ်တွေကို သတိပေးပါတယ်။

ပူတင်ကတော့ ရုရှား လိုလားတဲ့ ဒွန်ဘတ်စ် ဒေသမှာ အကန့်အသတ်ရှိ တိုက်ပွဲဝင်မှုတစ်ခု ကနေ ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်မှုတစ်ခု လုပ်ဖို့အထိ ၎င်းရဲ့လက်ထဲမှာ သဘောရှိ ရွေးလို့ရနိုင်တဲ့ ဖြစ်နိုင်သမျှ နည်းလမ်းစုံကို အလိုရှိနေတယ်လို့ ၎င်းတို့က ပြောပါတယ်။

ရုရှားကတော့ ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

တကယ်လို့ မော်စကိုဘက်က လုံးလုံးလျားလျား တိုက်ခိုက်မှုတစ်ခုကို ရွေးချယ်မယ်ဆိုရင် ကျူးကျော်မယ့် တပ်ဖွဲ့တွေက ၄၈ နာရီအတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်ကို ထိန်းချုပ်ပြီး သမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးကို ဖြုတ်ချသွားနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတစ်ခုသာ ဖြစ်လာမယ်ဆိုရင် အရပ်သား ၂၅,၀၀၀ ကနေ ၅၀,၀၀၀ အကြား အသက်ဆုံးရှုံးရနိုင်သလို ယူကရိန်းစစ်သား ၅,၀၀၀ ကနေ ၂၅,၀၀၀ အကြားနဲ့ ရုရှားစစ်သား ၃,၀၀၀ ကနေ ၁၀,၀၀၀ အကြား သေဆုံးနိုင်တယ်လို့ ၎င်းတို့က ခန့်မှန်းခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည် တစ်သန်းကနေ ငါးသန်းအကြားအထိ ပိုလန်နိုင်ငံဆီ စီးဝင်မှုကို ဖြစ်စေနိုင်တယ်လို့ ၎င်းတို့က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly