အာဖဂန်မီဒီယာ ဖက်ဒရေးရှင်း၏ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် အစီအစဉ်ကို တာလီဘန်တို့ တားမြစ်

By The World News
06 February 2022
အာဖဂန်မီဒီယာ ဖက်ဒရေးရှင်း၏ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် အစီအစဉ်ကို တာလီဘန်တို့ တားမြစ်

အာဖဂန်နစ္စတန်၏ မီဒီယာလုပ်ငန်းကဏ္ဍတွင်း ကြုံတွေ့နေရသည့် စိုးရိမ်ပူပန်စရာ အခြေအနေများနှင့် ပတ်သက်၍ အာဖဂန် မီဒီယာဖက်ဒရေးရှင်းက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် အစီအစဉ်ကို တာလီဘန်တို့က တားမြစ်ခဲ့သည်။

အာဖဂန် မီဒီယာနှင့် ဂျာနယ်လစ်များ ဖက်ဒရေးရှင်း၏ ကွန်းဖရင့်တစ်ခုကို ဇန်နဝါရီ ၂၆ ရက်က ကဘူးလ်မြို့၌ ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး မီဒီယာလုပ်ငန်းအသီးသီးမှ ကိုယ်စားလှယ် ၁၁ ဦးကို ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း Tolo News က ဖော်ပြသည်။

“အာဖဂန် မီဒီယာနဲ့ ဂျာနယ်လစ်များ ဖက်ဒရေးရှင်းက အဲဒီနေ့မှာ ကွန်းဖရင့်တစ်ခု လုပ်ဖို့ စီစဉ်ခဲ့တယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာလုပ်ငန်းဌာနတွေကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းဖို့ လုပ်ခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ တာလီဘန် တာဝန်ရှိသူတွေရဲ့ နှုတ်နဲ့ တားမြစ်မှုကြောင့် အဲဒီကွန်းဖရင့်ကို ဖျက်သိမ်းလိုက်ရတယ်” ဟု အာဖဂန် အမျိုးသား ဂျာနယ်လစ်များ သမဂ္ဂ၏ အကြီးအကဲ အလီ အက်စ်ဂါ အက်ခ်ဘာဇာဒါက ပြောသည်။

အာဏာပိုင်တို့ထံမှခွင့်ပြုချက် မရဘဲ သတင်းစာရှင်းလင်းပွဲကို မပြုလုပ်ရန် တာလီဘန်အာဏာပိုင်တို့က ညွှန်ကြားခဲ့သည်ဟု ဖက်ဒရေးရှင်းအသင်းဝင်များက ပြောကြောင်း Tolo News က ဖော်ပြသည်။

“ရှေ့ကာလမှာ သူတို့ဘက်က ဆုံးဖြတ်ချက်ကို အပြီးသတ်ချပေးဖို့ ကျွန်တော်တို့ဘက်က တာလီဘန်တာဝန်ရှိသူတွေကို ပန်ကြားထားပါတယ်။ သူတို့အနေနဲ့ ဆုံးဖြတ်ချက်ကို တတ်နိုင်သမျှ မြန်မြန် ချမှတ်သင့်ပါတယ်။ ကျွန်တော်တို့ကို ခွင့်ပြုချက် ပေးသင့်ပါတယ်။ ဒါမှလည်း အဲဒီအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ရဲ့ ကွန်ဖရင့်ကို လုပ်ဆောင်သွားနိုင်မှာပါ” ဟု အက်ခ်ဘာဇာဒါက ပြောခဲ့သည်။

စာရင်းအချက်အလက်များအရ အာဖဂန်နစ္စတန်တွင် ဩဂုတ်လလယ်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း မီဒီယာလုပ်ငန်းလုပ်ဆောင်မှု ၄၃ ရာခိုင်နှုန်းကျော် ရပ်တန့်သွားခဲ့ပြီး မီဒီယာဝန်ထမ်း ၆၀ ရာခိုင်နှုန်းကျော်သည် အလုပ်လက်မဲ့ဖြစ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly