ပုလဲမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ 

ပုလဲမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ 

ဖေဖော်ဝါရီလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့် ရဲစခန်းသို့ ထွက်လာသော စစ်ကောင်စီ ယာဥ်လေးစီးနှင့် ဆိုင်ကယ် တစ်စီးကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း ပြည်သူ့ တော်လှန်ရေးတပ်မတော် (PRA) အဖွဲ့ထံက သိရသည်။ 

"သူတို့တွေ မင်းတိုင်ပင်ရွာက ထွက်လာတာ။ အဲ့ဒီမှာ ညက တပ်ဆွဲတာနဲ့ တူတယ်။ ကန့်ဒေါင့် မရောက်ခင်ကြားမှာ မိုင်းဆွဲလိုက်တာ။ အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်ခဲ့တယ်"ဟု PRA အဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

အင်အား ၃၀ ခန့်ပါသော အဆိုပါ စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု PRA ဆိုသည်။ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူများလည်း ရှိသည်ဟု ဆိုသော်လည်း အသေးစိတ်ကို အတည် မပြုနိုင်သေးပေ။ 

ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ ဇီးဖြူရွာတွင် အခြေချပြီး ပျူစောထီးများကို သင်တန်း ပေးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PRA က ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required