တင်းမာမှု အရှိန်မြင့်တက်အောင် မလုပ်ရန် အမေရိကန်ကို ရုရှ တိုက်တွန်း 

တင်းမာမှု အရှိန်မြင့်တက်အောင် မလုပ်ရန် အမေရိကန်ကို ရုရှ တိုက်တွန်း 
Photo - AFP

ဖေဖော်ဝါရီလ ၄ ရက်

ယူကရိန်းအရေး ပဋိပက္ခ ရှိနေချိန် အရှေ့ဥရောပမှာ နေတိုးတပ်အင်အားကို အထောက်အကူဖြစ်ဖို့ အမေရိကန်က တင်အင်အား ထောင်နဲ့ချီပြီး စေလွှတ်ခဲ့တဲ့နောက်မှာ တင်းမာမှု အရှိန်မြင့်တက်အောင် လုပ်နေတာကို ရပ်တန့်ဖို့ ရုရှက အမေရိကန်ကို ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ 

“ဥရောပတိုက်မှာ တင်းမာမှု မြင့်တက်အောင် မလုပ်ဖို့ကို ကျွန်တော်တို့က အမေရိကန်မိတ်ဖက်တွေကို စဉ်ဆက်မပြတ် တိုက်တွန်းနေရပါတယ်”လို့ ရုရှအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပီးစကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ 

“စိတ်မကောင်းစရာက အမေရိကန်ဟာ တင်းမာမှု အရှိန်တက်အောင် ဆက်လက် လုပ်ဆောင်နေတုန်းပဲ”လို့ သူက ပြောပြီး ဥရောပက နေတိုးအုပ်စုကို အင်အားဖြည့်ဖို့ မကြာသေးခင်က အမေရိကန် တပ်တွေ ဖြန့်ကြက်တာဟာ တင်းမာမှုကို ပိုဆိုးစေသာပဲ ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။ 

ယူကရိန်းနယ်စပ်မှာ စစ်သည်အင်အား တစ်သိန်းဝန်းကျင် တပ်စွဲထားတာကို တပ်ပြန်နုတ်ဖို့ ရုရှက ငြင်းဆန်တာနဲ့အတူ ဂျာမနီက အမေရိကန်စစ်သား တစ်ထောင်ကို ရိုမေးနီးယားဆီ ပို့ဆောင်နေသလို အမေရိကန် အခြေစိုက် စစ်သား ၂၀၀၀ ကိုလည်း ဂျာမနီနဲ့ ပိုလန်ဆီ ပို့ဆောင်နေတာ ဖြစ်ပါတယ်။ 

“ထင်သာ မြင်သာ ရှိတာကတော့ တင်းမာမှု လျော့ပါးရေး လုပ်ဆောင်လာတာ မရှိတာပါပဲ၊ ဒါနဲ့ ဆန့်ကျင်ဖက် တင်းမာမှု ပိုတိုးစေမယ့် လုပ်ရပ်တွေပဲ ရှိနေတယ်”ဆိုပြီး ပီးစကော့ဗ်က ပြောပါတယ်။ 

ဒါအပြင် နေတိုးက အရှေ့ပိုင်းမှာ တိုးချဲ့လာတာနဲ့ အမေရိကန် တပ်တွေ ဖြန့်ကြက်လာတာဟာ မျက်မြင်ထင်ရှားပဲ ဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။ 

“ကိုယ့် လုံခြုံရေးနဲ့ အကျိုးစီးပွား အာမခံနိုင်ဖို့အတွက် ရုရှ လုပ်ဆောင်သမျှဟာ အကြောင်းရှိလို့ပဲ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

ရုရှက တခုတ်တရ ငြင်းဆန်နေပေမယ့်လည်း အနောက်အုပ်စုဟာ ယူကရိန်းကို ရုရှ ကျူးကျော်မှာ စိုးရိမ်ပူပန်ပြီး ဟန့်တားနိုင်ရေးအတွက် သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အတွင်းစည်းက လူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ ခြိမ်းခြောက်တာနဲ့အတူ တဖက်ကလည်း သံတမန်ရေး အားထုတ်မှုကို သည်းသည်းထန်ထန် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required