ရွာငံ-ဟန်မြင့်မိုရ်လမ်းတွင် စစ်ကောင်စီ ထောက်ပို့ယာဉ် မိုင်းဆွဲခံရ

ရွာငံ-ဟန်မြင့်မိုရ်လမ်းတွင် စစ်ကောင်စီ ထောက်ပို့ယာဉ် မိုင်းဆွဲခံရ

ဖေဖော်ဝါရီလ ၄ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်လမ်းပိုင်း၊ သံရွာနှင့် ဟန်မြင့်မိုရ်ကြားတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ် တစ်စီး ယနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက် ၉ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည်။

"အဲ့ဒီလမ်းကို အသုံးပြုပြီး လက်နက်တွေ သယ်နေတာ၊ ကားအနောက်ခန်းပိုင်း ထိတယ်၊ ကြိုးနဲ့ ဆွဲတာဆိုတော့ တိကျတယ်၊ မိုးကာအုပ်ထားတော့ နောက်မှာ လူပါ မပါတော့ သေခြာ မသိဘူး၊ လူပါရင်တော့ လူထိနိုင်တယ်" ဟု တိုက်ခိုက်ခဲ့သည့် Kyaukse District Defence Force - KDDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်သည် ဟန်မြင့်မိုရ်မှ တောင်တော်စစ်တပ်သို့ ဦးတည်နေခြင်းဖြစ်ပြီး တောင်တော်မြို့တွင် ဆက်သွယ်ရေးတပ်နှင့် လက်နက် ထုတ်လုပ်ရေးတပ်များ ရှိကြောင်း ဆိုသည်။

ယခုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့(KDDF) နှင့် Black Wolf PDF (MDY) အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ကျောက်ဆည်မြို့မြောက်ပိုင်း ခမရ (၁၄) ခြေမြန်တပ်ရင်း အနီးရှိ စစ်ဆေးရေး ဂိတ်တွင် စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲ ပူးပေါင်း၍ ဆက်ကြေး ကောက်ခံနေစဉ်  မိုင်းခွဲ တိုက်ခိုက်ခဲ့ သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required