ယူကရိန်း-ရုရှ ထိပ်သီးအစည်းအဝေး အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ တူရကီ ကမ်းလှမ်း 

ယူကရိန်း-ရုရှ ထိပ်သီးအစည်းအဝေး အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ တူရကီ ကမ်းလှမ်း 
Photo - AFP

ဖေဖော်ဝါရီ ၄

ယူကရိန်း-ရုရှ အကျပ်အတည်း ထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပပေးမယ်ဆိုတဲ့ ကမ်းလှမ်းထားချက်ကို တူရကီ သမ္မတ ရီဆက် တေယစ် အာဒိုဂန်က ကြာသပတေးနေ့မှာ ထပ်လောင်းအတည်ပြု ပြောဆိုပါတယ်။ 

ယူကရိကန်းရဲ့ ပိုင်နက် တည်တံ့ခိုင်မြဲမှုကို ထောက်ခံကြောင်း ဖော်ပြတဲ့ ကိယက်ဗ်မြို့ဆီ ရောက်ရှိတဲ့ ခရီးစဉ်အတွင်းမှာ အာဒိုဂန်က ထပ်လောင်းပြောဆိုလာတာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းဆီ မလာရောက်ခင်ကလည်း အာဒိုဂန်ဟာ ရုရှသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော် အဖွင့်အခမ်းအနားဆီ သောကြာနေ့မှ မတက်ရောက်ခင် တူရကီဆီ လာရောက်သင့်တယ်လို့လည်း အကြံပြုပြောဆိုထားပါတယ်။ 

ယူကရိန်းကို ရုရှက ကျူးကျော်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပြေလျော့ရေးအတွက် တူရကီမှာ ပူတင်- ဇယ်လန်စကီး ထပ်သီးအစည်းအဝေးကို ကျင်းပဖို့ သူ့အယူအဆကို ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်းယား ဇယ်လန်စကီးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အာဒိုဂန်က သတင်းထောက်တွေကို ပြောပါတယ်။ 

“ပင်လယ်နက်က အိမ်နီးချင်း မိတ်ဆွေနှစ်နိုင်ငံကြားက ပဋိပက္ခကို ဖြေရှင်းရေးအတွက် တူရကီဟာ ကိုယ်တတ်နိုင်တဲ့အပိုင်းအတွက် အသင့်ရှိပါတယ်၊ ဆွေးနွေးပွဲတွေမှာ ကျွန်တော် ထပ်ပြောခဲ့ပါတယ်၊ ခေါင်းဆောင်အဆင့် ဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လိုလားကျေနပ်စွာ ကျွန်တော်တို့ ကျင်းပပေးနိုင်ပါတယ်”လို့ သူက ပြောပါတယ်။ 

ဆိုဗီယက်ဟောင်း ယူကရိန်းရဲ့ ပိုင်နက် တည်တံ့ခိုင်မြဲမှုကို တူရကီအနေနဲ့ ဆက်လက် ထောက်ခံသွားမှာ ဖြစ်ကြောင်းနဲ့ ၂၀၁၄ ခုနှစ်က ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှက ကျူးကျော်သိမ်းပိုက်တာကို ဆက်လက်ငြင်းသွားမှာဖြစ်ကြောင်းလည်း အာဒိုဂန်က ပြောပါတယ်။ 

“ကျွန်တော်တို့ရဲ့ ခရီးစဉ် လာရောက်မှုဟာ ထိလွယ်ရှလွယ် အချိန်အခါမှာ ဖြစ်တယ်၊ ယူကရိန်းရဲ့ ခရိုင်းမီးယား အပါအဝင် အချုပ်အခြာနဲ့ ပိုင်နက်တည်တံ့မှုကို ကျွန်တော်တို့ ဆက်လက် ထောက်ခံသွားမှာ ဖြစ်တယ်”ဆိုပြီး လွတ်လပ်သော ကုန်သွယ်ရေး သဘာတူညီချက်သစ််တစ်ရပ်ကို နှစ်ဖက် လက်မှတ်ရေးထိုးပြီးနောက်မှာ အာဒိုဂန်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly