ပြည်သူ ထိခိုက်မည်စိုး၍ အလုံသစ်တောလမ်းရှိ AYA Bank ရှေ့ ဖောက်ခွဲမည့် အစီအစဉ် ဖျက်ခဲ့ဟုဆို

ပြည်သူ ထိခိုက်မည်စိုး၍ အလုံသစ်တောလမ်းရှိ AYA Bank ရှေ့ ဖောက်ခွဲမည့် အစီအစဉ် ဖျက်ခဲ့ဟုဆို

ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ အလုံမြို့နယ် ကမ်းနားလမ်း သစ်တောမှတ်တိုင် အနီးရှိ AYA Bank အရှေ့၌ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ဖောက်ခွဲမှု လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ဈေးသည်များနှင့် ပြည်သူများ ရှိနေ၍ အစီအစဉ်ကို ဖျက်လိုက်ကြောင်း Burma Final Revolution Armed Forces အဖွဲ့ဝင်က ပြောသည်။

ယနေ့ နံနက် ၆ နာရီ ခန့်တွင် အဆိုပါ နေရာ၌ ပေါက်ကွဲအား ပြင်းသော မိုင်းတစ်လုံး ထောင်ထားခဲ့ပြီးမှ မခွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ဖောက်ခွဲမှုကတော့ ပျက်သွားတယ်။ ပြည်သူတွေ အသွားအလာတွေ ရှိခဲ့လို့၊ ဆုံးရှုံးမှုတွေလည်း ရှိတယ်။ အစောကြီး ထလုပ်ထားရတာတွေ ပစ္စည်း ကုန်ကျစရိတ်တွေတော့ ဆုံးရှုံးသွားတာပေါ့။ ပြည်သူတွေကို ထိခိုက်မှာ စိုးတာနဲ့ ကျွန်တော်တို့ လုပ်ဆောင်ချက်တိုင်းမှာ ပြည်သူတွေကို ထိခိုက်တာ မရှိဘူးလေ။ လက်ရှိလည်း မရှိဘူး။ နောင်လည်း မထိခိုက်အောင် လုပ်မှာပါ"ဟု Burma Final Revolution Armed Forces အဖွဲ့ဝင်က ပြောသည်။

ဧရာ၀တီ ဘဏ်သည် CDM ဝန်ထမ်းများကို ချေးငွေများ အတိုးမဲ့ မလုပ်ပေးသည့်အပြင် နောက်ကျ‌ ကြေးပါတောင်းခြင်း၊ ထို့သို့ တောင်းရာတွင် အိမ်အထိ လိုက်တောင်းခြင်း၊ လိုင်းပေါ်တင်ကာ တောင်းခြင်း ၊ ဖုန်းဆက် တောင်းခြင်း ၊ CDM ဝန်ထမ်းများ၏ ဆွေမျိုးများကိုပါ ဖုန်းဆက်တောင်းခြင်းများ ပြုလုပ်၍ ယခုကဲ့သို့ ဖောက်ခွဲရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လုပ်ရပ်များသည် စစ်ကောင်စီ၏ လုပ်ရပ်များအား အားပေး ထောက်ခံသည့် ပုံစံများ ဖြစ်နေသောကြောင့် သတိပေးသည့် ကြားမှ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်နေပါက AYA Bank ရှိ သက်ဆိုင်ရာ လူကြီးများအား နာမည်ပျက် စာရင်းသွင်းကာ လုပ်ဆောင်စရာ ရှိသည်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းတို့အဖွဲ့က အသိပေး ထားသည်။

၎င်းတို့ အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက်နေ့ ကလည်း သာကေတမြို့နယ်၊ ဝက်စုမှတ်တိုင်း အနီးရှိ နောင်ရိုးလမ်းထိပ်၌ ဖောက်ခွဲမှု ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly