အာဖဂန်နစ္စတန်အနှံ့ လုံခြုံရေးယူထားနိုင်ခြင်း မရှိသေးဟု တာလီဘန်တို့ ဝန်ခံ

By JioNews
04 February 2022
အာဖဂန်နစ္စတန်အနှံ့ လုံခြုံရေးယူထားနိုင်ခြင်း မရှိသေးဟု တာလီဘန်တို့ ဝန်ခံ

အာဖဂန်နစ္စတန်ကို ထိန်းချုပ်ခဲ့သည်မှာ ၆ လကြာရှိသွားခဲ့ပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေးကို ဖြန့်ကျက်ထူထောင်နိုင်ခြင်း မရှိသေးကြောင်း တာလီဘန်တို့က ဇန်နဝါရီ ၂၅ ရက်တွင် ဝန်ခံသွားခဲ့သည်။

တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က Pajhwok Afghan News သတင်းဌာနနှင့် တွေ့ဆုံသည့် သီးသန့်အင်တာဗျူးတစ်ခုတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သိထားသင့်တာ တစ်ခုကတော့ ခုချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုံခြုံရေးကို မထူထောင်နိုင်သေးပါဘူး။ အလုံးစုံ လုံခြုံရေးကို အသေအချာ အာမခံနိုင်ဖို့အတွက် ရင်းမြစ်အားလုံးကိုလည်း ကျွန်တော်တို့ မရသေးပါဘူး။ ရန်သူတပ်ဖွဲ့တွေဆီမှာလည်း ကျွန်တော်တို့ အတိအကျ ပြောလို့မရနိုင်လောက်တဲ့ ကောက်ကျစ်တဲ့ ပုံစံတွေ ရှိချင်ရှိနေနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ပြည်နယ်အချို့မှာ ဒရုန်းတချို့ ပျံသန်းနေခဲ့တာကို ကျွန်တော်တို့တွေ့ထားပါတယ်။ လေကြောင်းကနေ စောင့်ကြည့်ထောက်လှမ်းမှု လုပ်ဆောင်နေတာတွေ ရပ်တန့်သင့်ပြီလို့လည်း ကျွန်တော်တို့ဘက်က အမေရိကန်ကို ထပ်တလဲလဲ တောင်းဆိုထားပေမယ့် ဒါမျိုးတွေ တွေ့နေရဆဲပါ။ ဒီလိုကိစ္စတွေက လုံခြုံရေးအရ စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက လုံခြုံရေး ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်းပြီး ပြောခဲ့သည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ယမန်နှစ် ဩဂုတ်လလယ်က ထိန်းချုပ်သွားနိုင်ခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံအနှံ့လုံခြုံရေးကို အသေအချာ အာမခံနိုင်ချိန်ကျမှသာ တာလီဘန် အမြင့်ဆုံးခေါင်းဆောင် ဟီဘတ်တူလာ အက်ခွန်ဇာဒါသည် အများပြည်သူ မြင်ကွင်းရှေ့ ထွက်လာလိမ့်မည်ဟု ဇာဘီဟူလာ မူဂျာဟစ်က ပြောခဲ့သည်။

တာလီဘန်ခေါင်းဆောင် အက်ခွန်ဇာဒါသည် ကန်ဒါဟာ၊ ဖာရာ၊ ဟီရတ် နှင့် ဟယ်လ်မန်း ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ပြည်သူများနှင့် တွေ့ဆုံထားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်ဟု Pajhwok Afghan News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly