ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

By ပါခွီး
03 February 2022
ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

ဖေဖော်ဝါရီ ၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သံထောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ (၅၅) လက်အောက်ခံ တပ်သားနှစ်ဉီး အလင်းဝင်ရောက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ဒိုင်ရ် (CDF-Daai) က ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်သည်။

“သူတို့ နှစ်ယောက်က စခန်းကနေ တစ်ဆင့် ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ကြားသိနေရပြီး ရွာသားတွေကနေ တစ်ဆင့် ဆက်သွယ် ဝင်ရောက်လာခဲ့တာပါ” ဟု CDF-Daai ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တပ်မ (၅၅) လက်အောက်ခံ ခ.လ.ရ (၃) မှ တပ်သား ဖိုးဖြူ (ကိုယ်ပိုင်အမှတ် တ- ၅၄၃၂၈၀) နှင့် တပ်သား ရဲရင့်သူ (ကိုယ်ပိုင်အမှတ် တတ- ၁၂၅၈၉၂) တို့သည် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့သည့် အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် CDM ပြုလုပ်ကာ အလင်းဝင်ရောက်လာကြောင်း ဆိုသည်။

ယင်းသို့ တာဝန်ထမ်းဆောင်လိုသော မရှိတော့သော စစ်ကောင်စီတပ်သား အများအပြား ရှိသော်လည်း ၎င်းတို့အကြား ယုံကြည်မှု မရှိသည့် အတွက် မတိုင်ပင်နိုင်ကြောင်း၊ အဆက်အသွယ် မရှိခြင်းနှင့် လုံခြုံရေး စိုးရိမ်ရသည့် အတွက် ထွက်မပြေးနိုင်ခြင်း ဖြစ်ကြောင်း အလင်းဝင်လာသည့် တပ်သားများက ပြောသည်။

၎င်းတပ်သား နှစ်ဉီးအား နွေးထွေးစွာ ကြိုဆို၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင် ပေးခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့ဘဲ ပြည်သူ့ရင်ခွင် ခိုလှုံလိုသူများအား နွေးထွေးစွာ လက်ခံကြိုဆိုမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင် အမြစ်ပြတ် ခြေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဒိုင်ရ် ဒေသတွင်းရှိ ပြည်သူလူထု လုံခြုံရေး၊ ချင်းကာကွယ်ရေး တပ်ဖွဲ့များ အပါဝင် NUG၊ CRPH တို့နှင့် ပူးပေါင်း ချိတ်ဆက်ပြီး နိုင်ငံရေး၊ ကာကွယ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် CDF-Daai ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required