ယူကရိန်းအရေး တင်းမာနေစဉ် အမေရိကန်က ဥရောပအရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင် ၃,၀၀၀ စေလွှတ်

ယူကရိန်းအရေး တင်းမာနေစဉ် အမေရိကန်က ဥရောပအရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင် ၃,၀၀၀ စေလွှတ်
Photo - AFP

ဖေဖော်ဝါရီ ၃

ယူကရိန်းအရေး တင်းမာမှုတွေရှိနေချိန် ရုရှားကို တန်ပြန်ဖို့အတွက် အမေရိကန်က ဖေဖေါ်ဝါရီ ၂ ရက်မှာ ဥရောပအရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင် ၃,၀၀၀ ကို ဖြန့်ကျက်စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းကို ရုရှားက ကျူးကျော်နိုင်တဲ့အရေး အနောက်အုပ်စုအကြား စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြင်သစ် နဲ့ ဂျာမနီ နိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေ မကြာမီ မော်စကို ကို သွားရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူကရိန်း နယ်စပ်နားမှာ ဖြန့်ကျက်ထားတဲ့ စစ်သား တစ်သိန်းကို ပြန်လည် တပ်ရုပ်ဖို့ ရုရှားဘက်က ဆက်လက် ငြင်းဆန်လျက်ရှိရာမှာ ယခုအခါ ဂျာမနီမှာ ရှိနေတဲ့ အမေရိကန် စစ်သား ၁,၀၀၀ ကို ရိုမေးနီးယားသို့ ပို့လွှတ်နေပြီ ဖြစ်သလို အမေရိကန်မှာ  ရှိနေတဲ့ နောက်ထပ် တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ဂျာမနီနဲ့ ပိုလန် ဆီ စေလွှတ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

“ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဘက်က ရန်မူလိုတဲ့ အနေအထားနဲ့ လုပ်ဆောင်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ဘက်ကလည်း အရှေ့ဥရောပမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ နေတိုး မဟာမိတ်တွေကို စိတ်ချလက်ချဖြစ်စေဖို့အတွက် သေချာအောင် လုပ်သွားမှာဖြစ်ပါတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်မှုကို ကြေညာပြီးနောက် ပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ခုလို အမေရိကန်ဘက်က တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်တဲ့ လုပ်ဆောင်ချက်ဟာ နှစ်ဘက်အကြား အပေးအယူ ညှိနှိုင်းသဘောတူညီမှုတစ်ခု ရဖို့အတွက် ပိုပြီး ခက်ခဲသွားစေလိမ့်မယ်လို့ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဂရက်ရှ်ကို က ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ တပ်ဖြန့်မှုက ပျက်စီးစေလိုတဲ့ လုပ်ဆောင်ချက်တွေဖြစ်ကြောင်းနဲ့ ဒါကနေတဆင့် နိုင်ငံရေး ဆုံးဖြတ်ချက်အတွက် အခွင့်အလမ်းကို လျော့ကျစေသလို စစ်ရေးတင်းမာမှုတွေ မြင့်တက်စေလိမ့်မယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

ယူကရိန်းကို ရုရှားဘက်က ကျူးကျော်နိုင်တဲ့ အရေးကနေ တားဆီးဖို့အတွက် အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေဟာ လေးနက်တဲ့ သံတမန်ရေး အားထုတ်မှုတွေမှာ ပါဝင်လုပ်ဆောင်နေခဲ့ပြီး ပူတင်ရဲ့ အတွင်းစည်းအပေါ် ဒဏ်ခတ်အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်ထားခဲ့ပါတယ်။

ယူကရိန်းအကျပ်အတည်း ဆွေးနွေးဖို့ မကြာမီ မော်စကို ကို သွားရောက်မှာဖြစ်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်က ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အကြား ရှေ့လာမယ့် ဆွေးနွေးမှုတွေအပေါ် မူတည်ပြီး မိမိလည်း မော်စကို ကို သွားရောက်နိုင်ခြေ ရှိတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly