မုံရွာ၌ စစ်တပ်ထောက်ခံပွဲသွားသည့် ကား မိုင်းခွဲခံရ 

မုံရွာ၌ စစ်တပ်ထောက်ခံပွဲသွားသည့် ကား မိုင်းခွဲခံရ 

ဖေဖော်ဝါရီလ ၂ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၌ ခရီးသည်ယာဉ် အယောင်ဆောင်၍ စစ်တပ် ထောက်ခံပွဲ သွားသည့် ကားတစ်စီးကို ကျောက္ကာလမ်းပေါ်ရှိ ဆေးဆိုးပန်းရိုက် စက်ရုံအနီး၌  မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မုံရွာခရိုင် တပ်ရင်း (၂) က ထုတ်ပြန်သည်။ 

ခရီးသွား ပြည်သူပုံစံ ပုံမှား ရိုက်ကာ မုံရွာ အားကစားကွင်း၌ ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲသို့  လူ အပို့၊ အကြို လုပ်နေသည့် အဆိုပါကားကို ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီ  ၂၉ မိနစ်တွင် ပဒေသာမိုင်း လေးလုံးဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး ကားပေါ်ရှိ လူ လေးဦး  မိုင်းစထိမှန်သွားသည်ဟု ဆိုသည်။ 

မုံရွာခရိုင် တပ်ရင်း (၂) အထူးစုံစမ်း စစ်ဆင်ရေး အဖွဲ့ ၏ သတင်း အတည်ပြုချက်အရ အယောင်ဆောင်ကား ဖြစ်ကြောင်း သိရသည့်အတွက် တပ်ခွဲ (၁) Monywa Ranger Group နှင့် Truth Army တို့က ဖောက်ခွဲ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုအပြီး စစ်တပ်မှ  အရာရှိကိုယ်တိုင် လာရောက် ကြည့်ရှုသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထို့အပြင် တပ်ခွဲ (၃) အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု Northwest Plains Revolutionary Force 2.0 ကလည်း အဆိုပါနေ့တွင် မြဝတီဘဏ်ရှေ့တွင် ရှိသော စစ်ကောင်စီ ဂိတ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး အာဇာနည်လမ်း ၊ ကျောက္ကာလမ်းနှင့် အမှတ် (၂) ရဲစခန်း နေရာများ၌  ချိန်ကိုက်ဗုံးများဖြင့် ခြောက်လှန့် တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ 

မုံရွာခရိုင် တပ်ရင်း (၂) အထူးကွန်မန်ဒို တပ်ဖွဲ့သည် အဆိုပါ နေ့တွင်ပင် အသံတိတ်သပိတ် ပြုလုပ်နေစဉ် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့သည်။ စစ်ဆင်ရေးကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အသေးစား ဒဏ်ရာရရှိကာ ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်က  ထိခိုက်မှု ရှိနိုင်သော်လည်း သေဆုံးစာရင်းကိုမူ လုံခြုံရေးအရ မသိရှိရသေးဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required