ဖေဖော်ဝါရီ ၂
ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးငယ်တွေနဲ့ သာမက ဒရုန်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြတယ်” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ CDF Thantlang နှင့် CNA ရဲဘော်များ အထိအခိုက် မရှိကြောင်း ဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်များက ထန်တလန်မြို့ပေါ်ရှိ လူနေအိမ်များအား ထပ်မံမီးရှို့ခဲ့ရာ အိမ် ၉၄ လုံး ပျက်စီးခဲ့သည့်အနက် Holiness ဘုရားကျောင်းနှင့် သာသနာရေး ဝန်းထမ်းအိမ်ယာများ ပါဝင်ကြောင်း သိရသည်။
လက်ရှိ ထန်တလန်မြို့ထဲတွင် ပြည်သူများ နေထိုင်ခြင်း မရှိတော့ဘဲ စစ်တပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့က ဟာခါးမြို့တွင် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကာ ရဟတ်ယာဉ် တစ်စင်း ဆင်းသက်လာပြီးနောက် စစ်တပ်က အရပ်လေးမျက်နှာရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။