ဝန်ကြီးရောဂါ ၈၈ကတည်းက စဖြစ်နေခဲ့တယ်လို့ ဒေါ်စုပြော

ဝန်ကြီးရောဂါ ၈၈ကတည်းက စဖြစ်နေခဲ့တယ်လို့ ဒေါ်စုပြော

နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအတွင်း အစိုးရဝန်ကြီးလုပ်ချင်သည့် သူများသည် ၁၉၈၈ခုနှစ်လောက်ကတည်းက ပါတီတွင်းဖြစ်နေသည့် ရောဂါဟု NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အမှန်တစ်ကယ် အရည်အချင်းရှိသူများအတွက် ရာထူး၊ တာဝန် ပေးရန် တောင်းဆိုစရာပင် မလိုဟု လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း)၏ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွင် ပြောသွားခြင်းဖြစ်သည်။ လက်ရှိတွင် ဝန်ကြီးရာထူးတောင်းခံသည့် လျှောက်လွှာများ တပုံကြီးရှိနေသည်ဟု NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောဆိုထားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသား ကျွမ်းကျင်သူများကိုလည်း NLDအစိုးရလက်ထက် တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ရန် စဉ်းစားထားသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အလားတူ ပြည်ပရောက် မြန်မာနိုင်ငံသား အခြေခံလုပ်သားများအနေဖြင့်လည်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှိလာမှ ပြန်လာကြရန် အဆင်ပြေနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က  မှတ်ချက်ပြုခဲ့သေးသည်။

မင်္ဂလာဈေးမီးလောင်မှုအခြေအနေ၊ အဆောက်အဦများ၏ စံချိန်၊ စံညွှန်း အနေအထား၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းအစိုးရတို့၏ အာဏာခွဲဝေမှု ပုံစံ၊ ပါတီဝင်များ၏ မီဒီယာအပေါ် ဆက်ဆံမှုအခြေအနေတို့ကိုလည်း  လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) ၏ ထုတ်လွှင့်မှုကို မဇ္ဈိမက ပြန်လည် ဖေါ်ပြပေးလိုက်ပါသည်။

အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေးညီလာခံအပေါ် အစ်မရဲ့သဘောထား သိပါရစေခင်ဗျ။
ဒီငြိမ်းချမ်းရေးညီလာခံကပေါ့နော်။ NCAပြီးတာကို အသိအမှတ်ပြုတဲ့သဘောပါပဲ။ ဒီလိုပဲ အစ်မနားလည်တယ်။ တစ်ကယ့်ငြိမ်းချမ်းရေးညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီးလုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ်ငြိမ်းချမ်းရေးညီလာခံပြီးနိုင်မလဲ။

 

ဟုတ်ကဲ့။ အစ်မမနေ့ကပြောတဲ့အထဲမှာ ၂၁ရာစုမှာကျင်းပတဲ့ ပင်လုံညီလာခံပေါ့နော်။ အဲ့ဒါက ဘယ်လိုအနှစ်သာရ....
ပင်လုံစိတ်ဓာတ်ကို အခြေခံတယ်လို့ ပြောပြီးပြီလေ။ ကိုခင်မောင်စိုး နားမထောင်ဘူးလား။

 

နားထောင်ပါတယ်ခင်ဗျ။ အစ်မ...၂၁ရာစုဆိုတော့ ကျွန်တော်တို့ အရင် ၂၀ရာစုနဲ့တော့ နည်းနည်းကွာမှာပေါ့။
ကွာတာပေါ့။ အဲ့ဒါက ပြောတယ်လေ။ အဲ့ဒီ ၂၀ရာစုက စခဲ့တဲ့ စိတ်ဓာတ်ဟာ ၂၁ရာစုမှာလည်း ဒါဟာ အခုအချိန်ထိ အကျုံးဝင်ပါတယ်။ ညီညွတ်မှုအင်အားနဲ့ အောင်မြင်မှုကို ရယူမယ်ဆိုတာကတော့ တစ်ကယ်ပြောမယ်ဆိုရင် ဘယ်ခေတ်မှာမဆို အကျုံးဝင်ပါတယ်။

 

အရင်ပင်လုံစာချုပ်ကို ချုပ်ဆိုစဉ်ကာလက လက်နက်ကိုင်အင်အားစုတွေထက်တော့ အခုက အများကြီး များလာတာပေါ့နော်။ နောက်ပြီး တစ်ချို့အဖွဲ့တစ်ခုနဲ့တစ်ခုကလည်း စစ်ဘက်ဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ကြည့်ရတာ တစ်ချို့က ပိုမိုလွယ်ကူတယ်။ တစ်ချို့က တော်တော်ခက်တယ်ဆိုတဲ့သဘောတွေလည်း ရှိတော့ အဲ့ဒါတွေကတော့ အများကြီး ကျော်လွှားရမယ်နဲ့ တူတယ်နော်။
ဟုတ်တာပေါ့။ အဖွဲ့တွေက များတာကိုး။ များသလောက်ပိုပြီးလုပ်ရမယ်။ ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်လည်း များသလောက်လည်း အင်အားက စုလိုက်လို့ရှိရင် ပိုပြီး ကြီးမှာပေါ့။

 

အော်...ဟုတ်ကဲ့။ အစ်မ ဝန်ကြီးလုပ်ချင်တဲ့သူတွေရော၊ အစ်မသတိပေးတာ ကျွန်တော်ကြားတာ နှစ်ကြိမ်ရှိသွားပါပြီ။ အဲ့ဒီရောဂါ တော်တော်ဆိုးလို့လား ခင်ဗျ။
အဲ့ဒီရောဂါက ဟိုတည်းက ရှိခဲ့တာ(ရယ်လျက်)၊ ဟိုး ၈၈လောက်ကတည်းက အဲ့ဒီရောဂါကို သတိပြုမိတယ်။

 

အော်...ဟုတ်ကဲ့။ အစ်မ..လူတစ်ယောက်က သူ့မှာ ဘယ်လိုအရည်အချင်းရှိပါတယ်။ ဘယ်လို တာဝန်ထမ်းခွင့်ပြုပါလို့ ပြောတာကို အစ်မ လက်ခံစဉ်းစားလေ့ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အခုကျတော့ ဘာဖြစ်လို့ ဒီလို သတိပေးတာလဲခင်ဗျ။
အများအားဖြင့်လေ...ကိုယ့်မှာ အရည်အချင်းတစ်ကယ် ရှိလို့ရှိရင် ဖော်ပြဖို့လည်း သိပ်မလိုဘူး၊ သိကြတာပဲ၊ အသိုင်းအဝိုင်းက သိကြတာပဲ။ တာဝန်ပေးပါဆိုတာကလည်း တစ်ကယ် တာဝန်ယူချင်တဲ့သူတွေက တာဝန်ကို ကျေပွန်အောင် လုပ်ခဲ့တာပဲ။ ပေးတဲ့တာဝန်တွေကို တစ်ခုပြီးတစ်ခု ကျေပွန်အောင် လုပ်ခဲ့တဲ့ အခါကျတော့ တာဝန်ပေးပါလို့တောင် ပြောဖို့ မလိုပါဘူး။ အော်...ဒီလူကတော့ တော်တော်တာဝန်ကျေတဲ့သူပဲဆိုတာ သိနေတဲ့ အခါကျတော့ တာဝန်ကို လိုက်ကိုပေးကြတာ။

 

မင်္ဂလာဈေးမီးလောင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀မှာ အဲ့ဒီဈေးကို ပထမအကြိမ်မီးလောင်လို့ ပြုပြင်တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့ ပြောကြတယ်ခင်ဗျ။ အခုတစ်ကြိမ် မီးလောင်တဲ့နေ့က ဈေးရှေ့လမ်းပေါ်ချထားတဲ့ ဘလောက်တုံးတွေကြောင့် မီးသတ်ကားတွေ ဝင်မရတာလည်း ပြောကြတယ်။ ရန်ကုန်မြို့မှာ အဆောက်အဦတွေကို ခွင့်ပြုချက်မရဘဲ တည်ဆောက်နေတာကိုလည်း တားဆီးနိုင်ခြင်းမရှိလို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစ်မတို့ပါတီက လွှတ်တော်မှာ တင်ပြခဲ့တာကိုလည်း ကျွန်တော်ကြားရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အစ်မတို့ အစိုးရလက်ထက်မှာ ဘယ်လို ကိုင်တွယ် ဆောက်ရွက်မလဲခင်ဗျာ။
ပထမဦးဆုံး တရားဥပဒေစိုးမိုးရေးနဲ့ ကိုင်တွယ်ရမှာပဲ။ အခုလွှတ်တော်ထဲမှာ အစ်မတို့အဖွဲ့ ကိုယ်စားလှယ်တွေကနေ တင်သွားတဲ့ကိစ္စဟာ ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ လုပ်နေတဲ့ကိစ္စ၊ စည်းမျဉ်းစည်းကမ်းဥပဒေတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။ ဒီလို မလုပ်သင့်တဲ့ကိစ္စတွေ မလုပ်အောင်၊ မဆောက်သင့်တဲ့နေရာတွေ မဆောက်အောင်၊ မဆောက်သင့်တဲ့ အဆောက်အဦလိုမျိုး မဆောက်ဖို့ ဒါတွေဟာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိပြီးသား၊ အဲ့ဒါတွေကို မလိုက်နာတာတွေက တော်တော်ပြဿနာတက်တယ်။ နောက်ပြီးတော့လည်း စည်းမျဉ်းစည်းကမ်း၊ ဥပဒေအသစ်တွေလည်း လိုတာတွေလည်း ထပ်ပြဌာန်းရမှာပေါ့။ နောက်ပြီးတော့ ရန်ကုန်မြို့တစ်မြို့လုံးဟာလည်း စီမံကိန်းနဲ့ လုပ်ရမယ့်အလုပ်၊ ဒီလိုပဲ ဖြစ်ချင်သလိုဖြစ်၊ ဟိုနားက ခွင့်ပြုချက်ပေးပြီး ဆောက်လိုက်၊ ဟိုနားက ခွင့်ပြုချက်ပေးပြီး ဆောက်လိုက်၊ ဒီလိုလုပ်လို့ ရတာမှ မဟုတ်ဘဲ။ တစ်ကယ်တော့လည်း အစိုးရကနေပြီးတော့ ရန်ကုန်မြို့တော်စီမံကိန်းဆိုပြီးတော့ နိုင်ငံခြားအဖွဲ့တစ်ခုကို ဆွဲခိုင်းထားတာရှိပါတယ်။ ဒါဟာ နှစ်နှစ်ကျော်လောက်ကတည်းက ဆွဲခိုင်းထားတာ။ ဒါပေမယ့် ဆွဲထားတာက ဆွဲထားတာပဲ။ လုပ်ချင်တာကလည်း လုပ်နေတာပဲ။ ဘာမှ ဆက်စပ်မှုမရှိဘူး။

 

ရန်ကုန်မှာက အခု အဆောက်အဦတွေ၊ ရုံးတွေမှာ အာမခံထားတာကလည်း အကုန်လုံးမဟုတ်ဘူးလို့ ကျွန်တော်ကြားတယ်ခင်ဗျ။ အဲ့တော့ အဆောက်အဦမှန်သမျှ၊ မော်တော်ကားမှန်သမျှ၊ အိမ်မှန်သမျှ၊ ဆိုင်မှန်သမျှ အာမခံထားရမယ်ဆိုတဲ့စနစ်မျိုးမရှိတော့ လူတွေက အခုမီးလောင်ရင် တစ်ခါတည်း ဘဝပျက်သွားကြရော၊ တစ်ချို့ပေါ့နော်။ အဲ့ဒါမျိုးကို အစ်မဘယ်လို ကိုင်တွယ်မလဲ။
ဒါကတော့ ဥပဒေအရ လုပ်ရမယ့်ကိစ္စတွေဖြစ်တယ်လေ။ နောက်ပြီးတော့လည်း စီးပွားရေးအခြေအနေနဲ့လည်း ဆိုင်တာပေါ့။ နောက်ပြီးတော့ ဒီဥပဒေနဲ့ဆိုတာဟာ ဥပဒေအရ ဒီလိုအာမခံထားဖို့ ပြောတာတွေကတော့ သပ်သပ်ပေါ့နော်။ နောက်အဆင့်အတန်းမှီတဲ့ အဆောက်အဦတွေဆောက်ဖို့၊ အန္တရာယ်ကင်းတဲ့ အဆောက်အဦတွေဆောက်ဖို့၊ အန္တရာယ်ကင်းဖို့အတွက် သတ်မှတ်ချက်တွေအရလုပ်ဖို့ ဒါတွေကလည်း တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။ ဒီလိုဟာတွေဟာ စက္ကူပေါ်မှာပဲ ဥပဒေထားပြီးတော့ သက်ရောက်မှုမရှိရင်လည်း အလကားပဲ။

 

ဟုတ်ကဲ့ခင်ဗျ။ အခု နိုင်ငံခြားမှာဆိုရင်တော့ အဆောက်အဦ ဒီလို ဆေးရုံတို့၊ ဈေးဆိုင်တို့၊ ကုန်တိုက်ကြီးတွေဆို အစ်မသိတဲ့အတိုင်းပဲ။ မီးလောင်တာနဲ့ အလိုလို မျက်နှာကြက်ကနေ မီးသတ်ပိုက်ကလေးတွေပွင့်လာပြီး ရေတွေကျတာပေါ့။ အဲ့တော့ မြန်မာပြည်ကမြို့တွေတည်ဆောက်ပုံကြည့်ရတာ ပရမ်းပတာဖြစ်နေတယ် ခင်ဗျ။ ကျွန်တော့ကို ရန်ကုန်မှာ အငှားကားမောင်းတဲ့လူတစ်ယောက်က ပြောတယ်။ ခင်ဗျားကြည့်စမ်းဗျာတဲ့၊ လမ်းဟိုဘက်အခြမ်းက ပလက်ဖောင်းစြင်္ကံနဲ့ ဒီဘက်အခြမ်းက ပလက်ဖောင်းစြင်္ကံတောင် အနိမ့်အမြင့်၊ အထူအပါး မတူဘူးတဲ့။ အဲ့တော့ သာမာန်လူတစ်ယောက်တောင် ဒီလိုသိနေတာမျိုးကို နတ်မျက်စိတို့၊ နတ်နားတွေရှိတဲ့ အုပ်ချုပ်သူတွေမသိတာတော့ မဖြစ်နိုင်ဘူးခင်ဗျ။ အဲ့ဒါ အခြေခံက ဘာမှားတာလဲ အစ်မ။
ခုနက ကိုခင်မောင်စိုးကို ပြောပြီးပြီလေ။ ရန်ကုန်မြို့တော်စီမံကိန်းဆိုပြီးတော့ ဆွဲခိုင်းထားပါတယ်။ ဆွဲထားတဲ့အဖွဲ့ကလည်း တော်တော်တော့ ကောင်းကောင်းမွန်မွန်တော့ ဆွဲထားပါတယ်။ ဒါပေမယ့် စီမံကိန်းက စီမံကိန်းပဲ၊ စက္ကူပေါ်မှာ ဆွဲခိုင်းထားပြီးတော့ ပြန်လှည့်ကြည့်တဲ့ပုံ မရှိဘူး။ ဒီလိုပဲ လုပ်ချင်သလိုပဲ လုပ်နေတာပဲ။ အဲ့တော့ စနစ်မရှိတာ၊ စည်းမရှိတာပေါ့။

 

ဒီရက်ပိုင်းမှာ ကျိုက်ထီးရိုးဘုရားဖူးသွားတဲ့ ဝန်ကြီးတစ်ယောက်က ဘုရားရင်ပြင်ပေါ်မှာ ဟိုတယ်တွေ ဆောက်ထားတာ သူမကြိုက်ဘူးလို့ ဖေ့စ်ဘွတ်မှာ ရေးတယ်။ အဲ့တော့ လူတစ်ယောက်က ပြန်မေးတယ်။ ခင်ဗျားတို့ အစိုးရ ဘာကြောင့် ခွင့်ပြုခဲ့တာလဲတဲ့။ ဝန်ကြီးက ပြောတယ်။ အဲ့ဒါ ပြည်နယ်အစိုးရလုပ်တာတဲ့။ ဒီရက်ပိုင်းမှာပဲ အစ်မ။ ကချင်ပြည်နယ်ဝန်ကြီးတစ်ယောက်က ပြောတယ်ခင်ဗျ။ ဖားကန့်မှာ တရုတ်ပြည်ကဝင်လာပြီး လုပ်ကိုင်နေတဲ့ ကားအစင်းရေ ငါးထောင်ကျော်ရှိတယ်။ တရားဝင်ခွင့်ပြုတာက တစ်ထောင်ကျော်ပဲ ရှိတယ်တဲ့။ အဲ့ဒီကိစ္စက ပြည်ထောင်စုအစိုးရက လုပ်တာဖြစ်တယ်။ သူတို့နဲ့ မဆိုင်ဘူးတဲ့။ အဲ့တော့ ဒီပြဿနာမျိုးက ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြား တာဝန်ခွဲဝေမှု မပြတ်သားလို့လား။ ဘယ်လိုဖြေရှင်းသင့်သလဲ ခင်ဗျ။
တာဝန်ခွဲဝေမှု မပြတ်သတ်တာလည်း ဖြစ်တယ်။ ဒါကို ဘောလီဘောပုတ်တာ ဝါသနာပါလို့လည်း ဖြစ်နိုင်တယ်။

 

နိုင်ငံခြားရောက် မြန်မာပြည်ဖွားကျွမ်းကျင်သူတွေ မြန်မာပြည် ပြန်လာပြီး နိုင်ငံထူထောင်ရေးမှာ ပါဝင်နိုင်ဖို့အတွက် အစ်မစဉ်းစားထားတာများရှိရင် ကျွန်တော်သိပါရစေခင်ဗျ။
ဒါက တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရမှာပဲ။ စဉ်းစားထားတာတော့ ရှိတယ်။ အခုလောလောဆယ်တော့ မပြောချင်သေးပါဘူး။ တစ်ချို့အပိုင်းတွေမှာဆိုရင်တော့ ပိုပြီးတော့ လုပ်ရတာလွယ်တယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့တွေက အမြဲဒီမှာလာပြီး ကူနိုင်တာမဟုတ်ဘူး။ ဒါပေမယ့် ကူနိုင်သလောက်၊ လုပ်အားပေးချင်သလောက် ပေးချင်တဲ့ လူတွေရှိတယ်။ သို့သော်ငြားလည်း အဆက်အစပ်လည်း ရှိရမယ်။ ဒီမှာ ခနတဖြုတ်လုပ်ပြီးတော့ ဆက်ပြီးလုပ်လို့မရတာ။ ဒါမှမဟုတ် ခနတဖြုတ်လုပ်လို့ အဆင်မပြေတဲ့ဟာမျိုးကျတော့လည်း တစ်မျိုးစဉ်းစားရမယ်။ တစ်ချို့ကျတော့ တစ်လ၊ နှစ်လ လာပြီးတော့ လုပ်အားပေးနိုင်တဲ့ နေရာမျိုးရှိသလို ဒီလို လုပ်လို့မရဘူး။ ရေရှည်မှ ဖြစ်နိုင်မယ့်နေရာမျိုးလည်း ရှိတယ်ပေါ့နော်။ အဲ့ဒါကတော့ အကျယ်၊ အကျယ် စဉ်းစားရမှာပါ။ ဒီလို လွယ်လွယ်နဲ့ ပြောလို့မရပါဘူး။ လာကြဟေ့၊ လာကြဟေ့၊ ကူကြဟေ့ဆို ဒီလည်းရောက်ရော ဘာလုပ်ရမှာလဲ၊ ဘယ်သွားရမှာလည်း၊ ဘယ်လိုလုပ်ရမှာလဲ မသိလို့ရှိလို့ရှိရင် အလကားပဲ၊ သူတို့လည်း ပင်ပန်းမယ်။ ဒီဘက်ကအတွက်လည်း ဘာမှ အကျိုးမရှိဘူး။

 

ဟုတ်ကဲ့။ ကျွန်တော်တို့ဌာနကိုလှမ်းပြီး စာရေးပြီးတော့ သူတို့ မေးလ်တွေဘာတွေပို့ပြီးတော့ ပြောကြဆိုကြတာတွေ ရှိတယ်။ ကျွန်တော်တို့ ဘယ်လိုအကြောင်းပြန်သင့်ပါသလဲ ခင်ဗျာ။
အဲ့ဒါတော့ သူတို့အလုပ်ပေါ်မှာ တည်တယ်လေ။ သူတို့အလုပ်နဲ့ဆိုင်တဲ့ ဌာနနဲ့ ဆက်သွယ်မှဖြစ်မှာပေါ့။ နောက်ပြီးတော့ ဒီလိုဟာမျိုး ဆက်သွယ်နိုင်အောင်လို့လည်း အစ်မတို့ စဉ်းစားနေပါတယ်။ ဘယ်လို လုပ်ပေးရမလဲပေါ့နော်။ ဘယ်လိုနည်းနဲ့ဆိုလို့ရှိရင် နိုင်ငံခြားကနေလာပြီးတော့ ကူညီချင်တယ်သူတွေ၊ ဥပမာဆိုလို့ရှိရင် ဆရာဝန်တွေဆိုလို့ရှိရင် ဆရာဝန်တွေ ဆက်သွယ်နိုင်တဲ့ ဌာနပေါ့နော်။ စသဖြင့် အဲ့ဒီလို သေသေချာချာ စနစ်တကျလုပ်မှ ဟိုဘက်က ကူတဲ့လူတွေလည်း အားရမယ်။ ဒီဘက်ကလည်း အကျိုးခံစားရမယ်။

 

နိုင်ငံခြားမှာ ကြုံရာကျပမ်း လုပ်ကိုင်စားနေရတဲ့ မြန်မာအလုပ်သမားတွေအတွက်ရော ခင်ဗျာ။
ဒီမှာ အလုပ်ရှိမှ၊ ဒီကအခြေအနေကောင်းမှလည်း သူတို့ ပြန်လာနိုင်မှာပေါ့။ ဒီမှာ ပြန်လာဖို့စီစဉ်လိုက်ပြီးတော့ ဒီမှာအလုပ်မရှိဘူးဆိုရင် ပြန်ပြီးတော့ ဟိုမှာသွားပြီးတော့ ပြန်ပြီးတော့ရအောင် ပြန်သွားရမယ်ဆိုရင် သူတို့ နှစ်ခါပင်ပန်းမှာပေါ့။

 

အစ်မရေ...ဒီရက်ပိုင်းဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်၍ ပြောနိုင်တာ ရှိသေးလား ခင်ဗျာ။
အလုပ်တွေများလွန်းလို့ ဒီရက်ပိုင်း ဘာတွေဖြစ်ခဲ့မှန်းတောင်မှ တော်တော်စဉ်းစားယူရတယ်(ရယ်လျက်)။ တစ်နေ့ထက်တစ်နေ့ အလုပ်တွေကတော့ များပါတယ်။ ကိုခင်မောင်စိုးပြောတဲ့ ငြိမ်းချမ်းရေးညီလာခံကိစ္စ စတာဆိုတော့ တစ်ကယ်တော့ ဒီNCAကိစ္စပြီးတာတို့၊ ဘာတို့ပေါ့နော်။ အဲ့ဒါကတော့ တစ်ဖက်ပေါ့။ ဒါကတော့ အများသိနေတဲ့ကိစ္စ၊ နောက် နိစ္စဓူဝ လွှတ်တော်ထဲမှာ အလုပ်လုပ်ရတာတွေကလည်း အများကြီးပဲ။ အခုဘတ်ဂျက်တို့၊ စီမံကိန်းတု့ိ ရှိတဲ့အချိန်အတွင်းမှာ အပြီးလုပ်ရတာတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကလည်း အစ်မတို့ကိုယ်စားလှယ်တွေကလည်း ဒီအထဲမှာ တက်တက်ကြွကြွပါရတာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘတ်ဂျက်တွေ၊ စီမံကိန်းတွေ နောက်အုပ်ချုပ်ရေးကနေပြီးတော့ ဆက်ပြီး အမည်ခံသွားရမှာကိုး။

 

ဟုတ်ကဲ့။ ဒီအစိုးရအဖွဲ့အတွက် ရာထူးတွေ၊ တာဝန်တွေ ရွေးချယ်မှုတွေကော တော်တော်ပြီးနေပြီလား ခင်ဗျ။
ကိုခင်မောင်စိုး မစပ်စုပါနဲ့။ အချိန်တန်ရင် သိရပါလိမ့်မယ်။

 

ဟုတ်ကဲ့အစ်မ။ ၈၈ကစပြီး အစ်မစကားပြောတိုင်း မြန်မာလိုပြောပြော၊ အင်္ဂလိပ်လို ပြောပြော အသုံးအနှုန်းတွေ၊ လေယူလေသိမ်းတွေက ချောမွေ့နေတော့ ကျွန်တော်တို့ အားလုံးက ဂုဏ်ယူရ၊ ချီးမွန်းရတုန်းပါ။ ဒါပေမယ့် မနေ့က ငြိမ်းချမ်းရေးညီလာခံမှာ အစ်မစကားပြောတာ ခါတိုင်းနဲ့ မတူဘူး။ ဘာကြောင့်လဲ၊ နေမကောင်းလို့လား။
မဟုတ်ပါဘူးကွာ။ စာရွက်ကိုင်ပြီး ဖတ်ရလို့ရှိရင် ဘယ်တော့မှ သိပ်အဆင်မပြေချင်ဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးညီလာခံဆိုတော့လည်း နည်းနည်း Formal ဖြစ်တော့လည်း စာရွက်နဲ့ပဲဖတ်ရင် ကောင်းမယ်လို့ထင်လို့ ဖတ်လိုက်တာပါ။

အဲ့တော့ စာ Typeရိုက်တဲ့လူက အစ်မ လက်ရေးကို ကောင်းကောင်း မဖတ်တတ်လို့လား။
အဲ့ဒါနဲ့မဆိုင်ပါဘူး။ စာရွက်ဖတ်ပြီးတော့ ပြောရတာ နည်းနည်းသဘာဝမကျသလိုပဲ။ အစ်မအတွက်။

 

ဟုတ်ကဲ့၊ တစ်နေရာမှာ သင်္ကေတကို သာကေတနဲ့ လွဲနေသလိုပဲ။
ဖြစ်နိုင်တယ်။ ဘာဖတ်လိုက်မှန်းတောင် မသိပါဘူး(ရယ်လျက်)

 

အစ်မက သာကေတလို့ ပြောလိုက်တယ်။
သင်္ကေတဖြစ်မှာပေါ့။ ဘယ်လိုလုပ် သာကေတဖြစ်မှာလဲ။

 

အင်းလေ၊ မဖြစ်နိုင်ဘူးလေ အစ်မ။
ပြောတာ မှားသွားလို့ ဖတ်တာမှားသွားလို့ ဖြစ်မှာပေါ့။

 

ဟုတ်ကဲ့၊ ဟုတ်ကဲ့  ကျွန်တော်က အစ်မလက်ရေးကို ပြန်ရေးတဲ့လူက Typingများ မှားသလားလို့ပါ။
အစ်မ ဖတ်တာမှားတာပါ။ Typingလုပ်တဲ့သူမှာ အပြစ်မရှိပါဘူး။

 

အော်...ဟုတ်ကဲ့။ ပုဂ္ဂလိက မီဒီယာသမားတွေဟာ အစိုးရသတင်းတွေ၊ လွှတ်တော်သတင်းတွေ ရယူရာမှာ အစိုးရပိုင်မီဒီယာတွေလိုအခွင့်အရေး ဗမာပြည်မှာ မရဘူးခင်ဗျ။ အခမ်းအနားတွေမှာ ပြင်ပမီဒီယာတစ်ခုတစ်လေက လွဲလို့ပေါ့နော်။ အစိုးရပြန်ကြားရေးဌာနက ဝန်ထမ်းတွေကပဲ အနီးကပ် ရိုက်ကူးခွင့်ရတယ်။ အသံဖမ်းခွင့် ရတယ်။ အဲ့တော့ ပြင်ပမီဒီယာတွေက အသံတွေ၊ အရုပ်တွေ ကောင်းကောင်း မရဘူးဗျ။ တစ်ကယ်တော့ဗျာ... ဥပမာ - မနေ့ကလို အခမ်းအနားမျိုးမှာ လူများလွန်းလို့ သတင်းထောက်တွေ အကုန်လုံးအတွက် အကုန်မပေးနိုင်ဘူးဆိုလည်း အစိုးရက သူတို့ ရိုက်ကူး၊ ဖမ်းယူထားတဲ့ အသံတွေ၊ အရုပ်တွေကို ချက်ချင်းဆိုသလို ပြင်ပကို ပြန်ဝေသင့်တာပေါ့ အစ်မရဲ့။ အားလုံး တိုင်းပြည်အကျိုးစီးပွားကို အားလုံး သတင်းမီဒီယာတွေ သိသင့်တာပေါ့၊ တရားဝင်လုပ်တဲ့အခါ။ အဲ့ဒီကိစ္စလေးများ အစ်မနည်းနည်း စိတ်ကူးထဲ ဘယ်လိုများရှိမလဲ အစ်မ။
မီဒီယာကိစ္စတွေကလည်း အများကြီးပိုပြီးတော့ ဖြစ်မြောက်အောင်လုပ်ဖို့ လိုပါသေးတယ်။ အစိုးရကပဲ အားလုံး မီဒီယာကို ချုပ်ကိုင်ထားတာက နှစ်ငါးဆယ်လောက် မဟုတ်လား။ အဲ့တော့ အခုအပြောင်းအလဲဆိုတာလည်း ဘယ်လိုပဲပြောပြော ဆယ်စုနှစ်တစ်ခုတောင်မှ မရှိဘူး။ ငါးနှစ်ပဲ ရှိသေးတယ်လေ။

 

အစ်မတို့ပါတီက ပုဂ္ဂိုလ်တစ်ချို့ မီဒီယာကို ပြောဆိုတာနဲ့ပတ်သက်ပြီး အစ်မ သတိပေးရတယ်လို့ ကျွန်တော်ကြားဖူးတယ်။ NLDအစိုးရလက်ထက်မှာ ပြင်ပမီဒီယာတွေက မေးမြန်းတာကို အစ်မဘယ်လိုများ ပြန်ကြား အသိပေးမလဲခင်ဗျာ။
ပြောသင့်ပြောထိုက်တဲ့သူတွေက ပြောရမှာပေါ့။ တစ်ချို့တွေက မီဒီယာကို ပြောတဲ့အခါမှာ ပြောချင်တာပဲ သိတယ်။ ပြောတတ်တာ၊ မပြောတတ်တာကို မဆင်ခြင်တာတွေ ရှိတာပေါ့။ တစ်ခါတစ်လေ အချက်အလက်ကိုတောင်မှ မသိဘဲနဲ့ ရမ်းပြီးပြောတာတွေလည်း ရှိတယ်။ ဒါတွေကိုလည်း ထိန်းရတယ်။ နောက် တစ်ခါတစ်လေကျရင် အဖွဲ့ချုပ်ရဲ့ မူနဲ့ မကိုက်ညီတဲ့ဟာတွေကိုလည်း ပြောတာရှိတယ်။ ပါတီတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့ ပါတီရဲ့ မူအရပဲ ပြောရမှာပဲ။

 

အစ်မရေ...။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
ရပါတယ် ကိုခင်မောင်စိုး။ Thank you. good ningt.

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly