ပုလဲမြို့နယ် မွေ့တုံရွာနှင် ပန်းရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး 

ပုလဲမြို့နယ် မွေ့တုံရွာနှင် ပန်းရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး 

ဖေဖော်ဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၃၁ရက်နေ့တွင် မြိုင်မြို့နယ်မှ အင်အား၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး မွေ့တုံရွာတွင်တပ်ဆွဲကာ ည၈ နာရီအချိန်ခန့်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ထံမှ သိရသည်။ 

ယင်းနောက် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁နာရီခန့်တွင် မွေ့တုံရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသော ပန်းရွာ ကျေးရွာအားဝင်ရောက်၍ ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ 

"မွေ့တုံရွာကို ကြက်ခြေခက်ပုံစံ မီးရှို့သွားတာ။ တစ်ရွာလုံးလောင်အောင်ရှို့တဲ့ပုံပဲ။ ည၁နာရီလောက်ကျတော့ ပန်းရွာကိုဝင်ရှို့တယ်။ ရုတ်တရက် ဝင်ရှို့တော့ လူတွေကထွက်ပြေးလို့ရပေမယ့် ဘာပစ္စည်းမှ မယူသွားနိုင်ခဲ့ဘူး။ အကုန်လောင်ကုန်တာ၊ တချို့က ရွာထဲဝင်ပြီးမီးဝင်ငြှိမ်းကြတယ်။ အဲ့တော့ ဟိုကောင်တွေက ပြန်လှည့်လာပြီး သေနတ်နဲ့လိုက်ပစ်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အိမ်ခြေ ၂၅၀ ခန့်ရှိသည့် မွေ့တုံရွာသည် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ခန့်မှာ မီးလောင်ပျက်စီးသွားရကြောင်း ရွာခံများက ပြောသည်။ 

ပန်းရွာသည်  အိမ်ခြေ၈၀၀ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ၂၀၀ခန့် ဆုံးရှုံးသွားကာ လူဦးရေ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။ 

မွေ့တုံရွာနှင့် ပန်းရွာသည် ပုလဲမြို့နှင့် နှစ်မိုင်ကျော်ကျော်သာ ဝေးသောရွာများဖြစ်ပြီး စစ်ကောင်စီတပ်သည်  ယနေ့ နံနက်ပိုင်းတွင် တနယ်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာသွားသည်ဟု ဒေသခံကဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required