မုံရွာမြို့အတွင်း အသံတိတ်သပိတ်ပြုလုပ်နေချိန် ခရီးသည်ယာဉ်မိုင်းထိ၍ လူ ၄ဦးဒဏ်ရာရ

မုံရွာမြို့အတွင်း အသံတိတ်သပိတ်ပြုလုပ်နေချိန် ခရီးသည်ယာဉ်မိုင်းထိ၍ လူ ၄ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ကျောက္ကာ - မုံရွာ လမ်းမရှိ  ဆေးဆိုးပန်းရိုက် စက်ရုံအနီးတွင် ခရီးသည်တင်ကားတစ်စီး မိုင်းထိ၍ လူ လေးဦးဒဏ်ရာရရှိသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး) လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ 

ဖေဖော်ဝါရီလ ၁ရက် ယနေ့ နံနက် ၁၁နာရီခန့်အချိန်တွင် မိုင်းထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ လေးဦးအား မုံရွာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

"မိုင်းထိတဲ့ကားက ရွှေဘိုကနေ မုံရွာကိုလာတဲ့ ကံရာမင်း ကားပါ" အဆိုပါနေရာ အနီး၀န်းကျင် ရှိနေသူ တစ်ဦးကပြောသည်။ 

စစ်အာဏာသိမ်းမှု တစ်နှစ်မြောက်နေ့တွင် နိုင်ငံနှင့် တစ်ဝန်း အသံတိတ်သပိတ်ပြုလုပ်နေချိန် ယခုကဲ့သို့ မိုင်းခွဲခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးပေ။ 

ယနေ့နံနက်ပိုင်းတွင် အိုးရှင်း စူပါစင်တာ အနီးရှိ မြဝတီဘဏ်မှ ဘန်ကာအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အာဇာနည်လမ်း (အာသောကကျောင်းအနီး) ၊ ကျောက္ကာလမ်း (မောကွန်းရှင်းအနီး) နှင့် အမှတ်(၂ )ရဲစခန်းတို့တွင်လည်း အသံဗုံးများ ဖောက်ခွဲခဲ့ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုမှ ထုတ်ပြန်ထားသည်။ 

မိဘပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စ မဖြစ်မနေမှသာ အပြင်ထွက်ကြရန်လည်း ၎င်းတို့က  သတိပေးနှိုးဆော်ထားသည်။ 

မုံရွာမြို့အတွင်း ပြည်သူများအသွားအလာမရှိသော်လည်း ကြေးရုပ်အနီးတွင် စစ်တပ်ထောက်ခံသူများ အလံများထောင်၍ အသံချဲ့စက်ဖြင့် သီချင်းများဖွင့်ခြင်း၊ စစ်တပ်ထောက်ခံရေး မိန့်ခွန်းများပြောကြားနေခြင်းတို့ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required