ပြည်သူ့အသံကို ဆက်ပိတ်နေမည်ဆိုလျှင် စစ်တပ်ကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်သွားမည်ဟု အမေရိကန်သမ္မတပြော

ပြည်သူ့အသံကို ဆက်ပိတ်နေမည်ဆိုလျှင် စစ်တပ်ကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်သွားမည်ဟု အမေရိကန်သမ္မတပြော

ဖေဖော်ဝါရီ ၁

မြန်မာ ပြည်သူများ၏ အသံများကို ဆက်လက် ပိတ်ပင် နေမည် ဆိုပါက စစ်တပ်နှင့် စစ်တပ် ထောက်ခံသူများကို ဒဏ်ခတ် အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားသည်။

မြန်မာအရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် တစ်နှစ်ပြည့်ချိန်တွင် အမေရိကန် သမ္မတက ပြောကြားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်က မြန်မာစစ်တပ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ပိတ်ပင် ဟန့်တားပြီး ဒီမိုကရေစီ နည်းကျ တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့ပြီး ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူလူထု အပေါ် မရေမတွက် နိုင်သော ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များ၊ နှုတ်ဖြင့် ထုတ်ဖော်ပြောမပြ နိုင်လောက်သည့် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဘိုင်ဒန်က ဆိုသည်။

လူပေါင်း ၁,၅၀၀ ကျော် သတ်ဖြတ် ခံခဲ့ရပြီး ထောင်ပေါင်း များစွာသည်လည်း မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း သို့မဟုတ် ဟန်ပြ တရားစီရင်မှုများဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း တို့ကို ခံခဲ့ရကာ အဂတိ လိုက်စားမှုများလည်း အကြီးအကျယ် ဖြစ်ပွားလျက်ရှိပြီး ပြည်တွင်း ပဋိပက္ခသည်လည်း ဆိုးသထက် ဆိုးလာလျက် ရှိသည်ဟု အမေရိကန်သမ္မတက ပြောကြားသည်။

စစ်အာဏာရှင် အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ နောက်လိုက်များက ၎င်းတို့ ဖန်တီးခဲ့သော အလဲလဲ အပြိုပြို အခြေအနေမှ အမြတ်ထုတ်ယူရန် ကြိုးစားလျက် ရှိကြစဉ် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတစ်ဝန်း ကြီးမားသော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းသာယာမှုကိုလည်း ထိခိုက်စေသည်ဟု ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းတွင် သန်းနှင့်ချီသောပြည်သူများသည် အသက် ကယ်ဆယ်ရေး အကူအညီများ အကြီးအကျယ် လိုအပ်လျက် ရှိသော်လည်း စစ်အာဏာရှင် အဖွဲ့သည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ခြင်းကို ဟန့်တားပိတ်ပင်ပြီး အကူအညီ ပေးရေးလုပ်ဆောင်မည့် ဝန်ထမ်းများကိုလည်း တိုက်ခိုက်နေသည်ဟု အမေရိကန်သမ္မတက ပြောကြားသည်။

စစ်အာဏာရှင်အဖွဲ့အစည်းသည် လက်ရှိ လျှောက်လှမ်းလျက် ရှိသောလမ်းကြောင်းကို နောက်ပြန် လှည့်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် အခြား ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ သတင်းထောက်များ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံခြားသားများ စသည့် တရားမဝင် ဖမ်းဆီး ထိန်းသိမ်းထားသူအား လုံးကို ပြန်လွှတ်ပေးရမည်ဟု ဂျိုးဘိုင်ဒန်ကဆိုသည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်သည့် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အတားအဆီး မရှိ အကူအညီ ပေးအပ်ခွင့် ပြုရမည်ဖြစ်ပြီး စစ်အာဏာရှင်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိစေရေး အတွက် သက်ဆိုင်သူများအားလုံးနှင့် ထိထိရောက်ရောက် အပြန်အလှန် ဆွေးနွေးမှုကို အလျင်အမြန် လုပ်ဆောင်ရမည်ဟု သမ္မတက ပြောသည်။

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို မေ့လျော့ခြင်း မရှိကြောင်း၊ ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ရန် မဆုတ်မနစ် ကြိုးစား အားထုတ်လျက် ရှိသော သင်တို့အား မိမိတို့ ဆက်လက် အားပေး ထောက်ခံသွားပါမည် ဖြစ်ကြောင်း အမေရိကန် သမ္မတက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required