ပုလဲမြို့နယ် မွေ့တုံရွာအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေဆဲ 

ပုလဲမြို့နယ် မွေ့တုံရွာအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေဆဲ 

ဇန်နဝါရီလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့တုံရွာအား စစ်ကောင်စီ အင်အား ၁၀၀ ခန့်ဖြင့် ယနေ့ ဇန်နဝါရီလ ၃၁ရက် ည ၈နာရီအချိန်ခန့်ကစပြီး မီးရှို့ဖျက်ဆီးလျှက်ရှိသည်။ 

"မြိုင်ကနေလာတာ။ အဲ့စစ်ကြောင်းက မနက်က တပ်စွဲထားတာ ရွာထဲမှာ။ တစ်ရွာလုံးကို မွှေနှောက်နေတာ။ သူတို့လာတော့ ရွာကလူတွေက ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေတဲ့ လူတွေဘဲ ကျန်ခဲ့တာ။ သူတို့ကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်တယ်။ အခုညကြားတာတော့ မီးထဲပါသွားတယ်လည်း ကြားတယ်၊ တောက်လျှောက်မီးရှို့နေတာ အခုအချိန်ထိ။ ရွာဘုန်းကြီးကျောင်းကိုလည်း မီးရှို့တယ်။ တိုက်ပွဲလည်း မဖြစ်ဘဲအကြောင်းမဲ့မီးရှို့တာ "ဟု ဒေသခံ တစ်ယောက်ပြောသည်။

အဆိုပါကျေးရွာအား လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများ အပြင် ရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ မနက်ပိုင်းအချိန်က စတင်ကာ စစ်ကောင်စီ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့၍ ပုလဲမြို့နှင့် မြိုင်မြို့နယ် အစပ်တွင်ရှိသော ကျေးရွာများမှာ စစ်ဘေးရှောင်နေရပြီး မွေ့တုံရွာတွင်မူ စစ်ကောင်စီမှ တပ်ဆွဲထားကာ အိမ်မွေးတိရိစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်း အိမ်များအား မွှေနှောက်ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွေ့တုံရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ပြည်သူ ၁၀၀၀ ကျော်နေထိုင်သော ရွာတစ်ရွာဖြစ်ပြီး ယခုအခါ စစ်ဘေးရှောင်နေရသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော ပျူစောထီးသင်တန်းများအား စစ်ကောင်စီက သင်တန်းပေးနေသည့် အင်မထီးရွာ တစ်ဝိုက်ကိုလည်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် အကြိမ်များစွာ ပျံသန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပုံစာ - စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း ယနေ့ ဇန်နဝါရီ ၃၁ရက် ညနေတွင် စစ်ကောင်စီက ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့သည့်မြင်ကွင်း။ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required