မော်လမြိုင်ကျွန်းမြို့နယ်၌ လောင်းကစားဝိုင်းများ စစ်ကောင်စီက တရားဝင် ခွင့်ပြုထား

မော်လမြိုင်ကျွန်းမြို့နယ်၌ လောင်းကစားဝိုင်းများ စစ်ကောင်စီက တရားဝင် ခွင့်ပြုထား

ဇန်နဝါရီလ ၃၁ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာတွင် စစ်ကောင်စီ ထောက်ခံသူနှစ်ဦး ဦးစီးကာ အပတ်စဉ် စနေနေ့တိုင်း လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို စစ်ကောင်စီက တရားဝင် ခွင့်ပြုပေးထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီ ထောက်ခံသူ နှစ်ဦးသည် မော်လမြိုင်ကျွန်းမြို့၊ စော်ကဲချောင်းကျေးရွာနေ ဦးမြင့်နိုင်နှင့် အမှတ် (၉) ရပ်ကွက်နေ ဦးဇော်ဝင်း တို့ဖြစ်ပြီး လူမှုကွန်ရက် ပေါ်တွင်လည်း စစ်ကောင်စီ သတင်းများ နေ့စဉ် ဖြန့်ဝေနေသူများ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"ဦးမြင့်နိုင်က ဖေ့ဘွတ်ပေါ်မှာ သတင်းနဂါး မီဒီယာလို့ Page တစ်ခုဖွင့်ပြီး စစ်တပ် ကောင်းကြောင်းတွေ နေ့တိုင်း တင်နေတဲ့သူပါ၊ ဧရာဝတီသား ဆိုတဲ့ သူ့ရဲ့ဖေ့ဘွတ် အကောင့်မှာလည်း တင်တယ်၊ ဦးဇော်ဝင်း ကလည်း အလုပ်အကိုင်ရယ်လို့ ရေရေရာရာ မရှိတော့ စစ်တပ်တွေ ရဲတွေနဲ့ ပေါင်းပြီး ငွေရှာနေတာပါ" ဟု ၎င်းကဆိုသည်။

၎င်းတို့ နှစ်ဦးသည် လောင်းကစားဝိုင်းမှ ရရှိသည့် အကောက်ငွေများအား မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီနှင့် ခွဲဝေယူနေကြောင်း ဒေသခံများအား နည်းမျိုးစုံ ခြိမ်းခြောက်ကာ ငွေကြေးတောင်းယူ နေသူများလည်း ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

"ရေကျော်ကြီးမှာ စနေနေ့တိုင်း လုပ်နေတဲ့ ကြက်ဝိုင်းကရတဲ့ အကောက်ဆိုရင် အခုဆို သိန်း ၂၀ လောက်ရနေပြီ၊ မြင့်နိုင်နဲ့ ဇော်ဝင်းက စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ နှစ်ယောက်ပါ" ဟု ဒေသခံက ဆက်ပြောသည်။

မော်လမြိုင်ကျွန်းမြို့တွင် အဆိုပါ စစ်ကောင်စီ ထောက်ခံသူ နှစ်ဦး၏ ရဲသတင်းပေး လုပ်ရပ်များကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများအား PDF နှင့် ပတ်သက်သည်ဟုဆိုကာ သတင်းပေး ဖမ်းဆီးစေခြင်းများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required