မုံရွာမြို့တွင်း နေရာ ၇ခုတွင် ဗုံးခွဲမည်ဟု ကာကွယ် ရေးအဖွဲ့ သတိပေးချက် ထုတ်ပြန်

မုံရွာမြို့တွင်း နေရာ ၇ခုတွင် ဗုံးခွဲမည်ဟု ကာကွယ် ရေးအဖွဲ့ သတိပေးချက် ထုတ်ပြန်

ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်း လူစည်ကားသည့်နေရာများတွင် ဗုံးခွဲတိုက်ခိုက်ရန် အဆင်သင့်အနေအထားဖြစ်သည့်အတွက် ပြည်သူလူထုများမထိခိုက်စေရန် မုံရွာခရိုင် တပ်ရင်း(၂) Chindwin Attack Force မှ အထူးသတိပေးချက်တစ်ရပ်အား ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

မုံရွာမြို့တွင်းရှိ ကန်သာယာ၊ ညဈေးတန်း၊ အိုးရှင်း (Ocean) အနီးတဝိုက်၊ ဈေးများပတ်လည်၊ ကျောက္ကာလမ်း၊ သာစည်လမ်း၊ ဗိုလ်ချုပ်လမ်းများ စသည့် နေရာစုံတွင် ဖောက်ခွဲတိုက်ခိုက်ရန် အချိန်ကိုက်ဗုံးများ အသင့်အနေထားတွင်ရှိ ကြောင်းဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း စစ်ကောင်စီနှင့် ပတ်သက်သူမှအပ မြို့နေပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စမှလွဲ၍ အပြင်သို့ လုံးဝ မထွက်ကြရန်တောင်းဆိုထားသည်။

၎င်းနေ့ရက်နှင့်အချိန်အတွင်းတိုက်ခိုက်မှုများသည် ပြည်သူတစ်ဦးတစ်ယောက်အား ရည်ရွယ်ထားခြင်းမရှိသည့်အတွက် သတ်မှတ်ထားသောအချိန်အတွင်း ထိခိုက်မှုရှိလျှင် စိတ်မကောင်းရုံမှတစ်ပါး တာဝန်ယူ၊တာဝန်ခံမှုများ ရှိမည်မဟုတ်ကြောင်း ဆိုသည်။

မုံရွာခရိုင်တပ်ရင်း(၂) Chindwin Attack Force ၏ အထူးတပ်ဖွဲ့များဖြစ်သော အထူးကွန်မန်ဒိုတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ ခြေမြန်တိုက်ခိုက်ရေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့ နှင့်တွဲဖက်၍ မြေအောက် (UG) အဖွဲ့အစည်းများက ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကာကွယ်ရေးတပ်ဖွဲ့သည် ပြည်သူမှပေါက်ဖွားလာသော တပ်ရင်းဖြစ်သောကြောင့် ပြည်သူအား လေးစားတန်ဖိုးထားသကဲ့သို့ ၎င်းတို့၏တောင်းဆိုမှုများအားလည်း လိုက်နာကြပါရန် ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly