နိုင်ငံတကာက အသိအမှတ်ပြုရန် တာလီဘန်တို့ လူ့အခွင့်အရေးကို လေးစားလိုက်နာသင့်ဟု ကုလအကြီးအကဲ ပြော

နိုင်ငံတကာက အသိအမှတ်ပြုရန် တာလီဘန်တို့ လူ့အခွင့်အရေးကို လေးစားလိုက်နာသင့်ဟု ကုလအကြီးအကဲ ပြော

အာဖဂန်နစ္စတန်၏ တာလီဘန်တို့အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ထောက်ပံ့ကူညီမှုကို ရရှိလိုပါက လူ့အခွင့်အရေးကို လေးစားလိုက်နာသင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။

နယူးယော့ခ်မြို့တွင် ကျင်းပသည့် ကုလအထွေထွေညီလာခံအစည်းအဝေး၌ ၂၀၂၂ ခုနှစ်အတွက် ၎င်း၏ ဦးစားပေးကိစ္စရပ်များကို ထုတ်ဖော်ခဲ့စဉ် ကုလအကြီးအကဲက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း Tolo News က ဖော်ပြသည်။

နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ထောက်ပံ့ကူညီမှုကို ရရှိနိုင်ရေးအတွက် တာလီဘန်တို့အနေဖြင့် အမျိုးသမီးများ၊ မိန်းကလေးများ၏ အခွင့်အရေးများနှင့် လူ့အခွင့်အရေးတို့ကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ဂူတာရက်စ်က ပြောခဲ့သည်။

"နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ သူ့ပြည်သူတွေအတွက် နိုင်ငံတကာ ထောက်ပံ့ကူညီမှုတို့ကို ရရှိရေး ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက် အထမြောက်ချင်တယ်ဆိုရင် သူတို့အနေနဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ လေးစားဖို့ လိုပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အပြုသဘော လုပ်ကိုင်ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

အမျိုးသမီးများ အလုပ်လုပ်ကိုင်နိုင်ခွင့်နှင့် မိန်းကလေးများအတွက် ပညာသင်ကြားခွင့် ရရှိစေရေးတို့က နိုင်ငံတကာ အသိအမှတ်ပြုမှုအတွက် အဓိကကျသည့် ကိစ္စနှစ်ခုဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က သတ်မှတ်ထားသည်။

အာဖဂန်နစ္စတန်တွင် ယခင်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း နိုင်ငံ၏ ဒေသအများစု၌ မိန်းကလေးများအတွက် အလယ်တန်းကျောင်းများကို ပိတ်ထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly