ရန်ကုန်တွင် တရုတ်နှစ်သစ်ကူးနေ့ ဆိုင်များဖွင့်ခိုင်းခြင်းကြောင့် တရုတ် အသိုင်းအဝိုင်းအတွင်း ဝေဖန်မှု မြင့်တက်

ရန်ကုန်တွင် တရုတ်နှစ်သစ်ကူးနေ့ ဆိုင်များဖွင့်ခိုင်းခြင်းကြောင့် တရုတ် အသိုင်းအဝိုင်းအတွင်း ဝေဖန်မှု မြင့်တက်

ဝေဟင်စိုး

တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးရက်နှင့် တိုက်ဆိုင်နေပြီး တရုတ်လူမျိုးများ၏ ဈေးဆိုင်များကို မပိတ်ခိုင်းဘဲ ဖွင့်လှစ် ရောင်းချ ခိုင်းနေသောကြောင့် ရန်ကုန်မြို့ တရုတ်လူမျိုး အသိုင်းအဝိုင်းက စစ်ကောင်စီအပေါ် ဝေဖန် ပြောဆိုမှုများ မြင့်တက်နေသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်မြောက် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်( Silent Strike) ပြုလုပ်ခြင်းဖြစ်ရာ ပထမအကြိမ်တွင် ကမ္ဘာ့နိုင်ငံ အများစုကပါ အသိအမှတ်ပြု ခံခဲ့ရခြင်းကြောင့် ယခုပြုလုပ်မည့် သပိတ်ကို စစ်ကောင်စီက ဖိအားပေး အကြပ်ကိုင်ကာ ဈေးဆိုင်များ ဖွင့်လှစ်ခိုင်းနေခြင်း ဖြစ်သည်။

“ငါတို့က အစဉ်အလာမပျက် နှစ်ကူးကို လုပ်လာခဲ့တာ။ ငါတို့ရဲ့ ရိုးရာ ကန်တော့ပွဲတွေကိုလည်း ပျက်လေ့ရှိတာ မဟုတ်ဘူး။ နိုင်ငံရေးကြောင့် တရုတ်လူမျိုးတွေရဲ့ ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာနဲ့ ဓလေ့ထုံးတမ်းစဉ်လာကို အပျက်မခံနိုင်ဘူး။ ငါတို့ ဆိုင်ပိတ်တာက နှစ်ကူး အစဉ်အလာအရ အလှူအတန်းတွေ လုပ်တာလေ။ ဒါကို ဘာကြောင့် ဖိအားပေး အတင်း ဖွင့်ခိုင်းနေတာလဲ။ သူတို့တက်လာထဲကိုက ပြည်သူလူထုတွေ အကုန် ကျီးလန့်စာစား ဖြစ်နေကြရတာ။ အခုလို လုပ်ခိုင်းနေတာလည်း အာဏာရှင်ဆန်ဆန် လာလုပ်တယ်ဘဲ ထင်တယ်။ ပြည်သူရဲ့ ယုံကြည်မှု လေးစားမှုကို ရအောင်မလုပ်ဘဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့ကတော့ ဆိုင်ဖွင့်မှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ တရုတ်တန်းရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များ ဖွင့်လှစ်ထားရမည်ဆိုသော အဓမ္မ စေခိုင်းမှုများကြောင့် ယခုရက်ပိုင်း အတွင်း အချို့သော တရုတ်လူမျိုးများ အနေဖြင့် နှစ်ကူးရက် မရောက်မီ အလှူအတန်းများ ကြိုတင် ပြုလုပ်နေကြရသည်။

“ဘာတတ်နိုင်မလဲဗျာ။ ဖွင့်ဆိုရင်တော့ ဖွင့်ရမှာဘဲ။ ဘယ်သူမှလည်း ဈေးလာမဝယ်ဖို့ ပြောချင်တယ်။ အခု အွန်လိုင်းပေါ်မှာ ထွက်နေတဲ့ အသံကြားတယ်။ လာဝယ်ရင် ဈေးအဆမတန် တင်ရောင်းကြဖို့ပေါ့။ ဒီအပေါ်မှာ စစ်တပ်တို့ စည်ပင်တို့က အဲ့ဒီနေ့မှာ ရှောင်တခင် ဝင်စစ်နိုင်တယ်။ အသွင်ယူပြီး ဈေးလာဝယ်လို့ အဆမတန် ဈေးပြောလိုက်ရင် ကျွန်တော်တို့ ပိုဒုက္ခများသွားနိုင်တယ်။ သပိတ်ကို အားပေးကူညီရာ ရောက်တယ်ဆိုပြီး အရေးယူ ခံရနိုင်တယ်။ ပြည်သူတွေ လမ်းပေါ်မထွက်ဘဲ ဈေးဝယ်တာကို မလုပ်ရင် ခြောက်ကပ်နေမှာဘဲ” ဟု လသာမြို့နယ် အတွင်းရှိ လူသုံးကုန်ပစ္စည်း ရောင်းချနေသည့် ဆိုင်ရှင်တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်( Silent Strike) တွင် ပူးပေါင်း ပါဝင်ကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အသီးသီးကလည်း မေတ္တာရပ်ခံထားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အတွက် “နွေဦးတော်လှန်ရေး အတွင်း အသက်ပေးခဲ့ကြရပြီး ပြန်မလာနိုင်တော့ သူတွေအတွက် တစ်ရက်တာ သတ္တိရှိပေးရန်” မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ပုံစာ - ရန်ကုန်မြို့မဟာဗန္ဓုလမ်းနှင့် လမ်းမတော်လမ်းထိပ်ရှိ တရုတ်တန်းစျေးဆိုင်အချို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly