မြောင်မြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မြောင်မြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
ဓာတ်ပုံ- ပုံဟောင်း

ဇန်နဝါရီလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းအား နဘက်တာတောလမ်း တစ်နေရာတွင် ဒေသခံ မဟာမိတ် ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ MSPDF က ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကြောင်းအား နဘက်ကျေးရွာနှင့် မိုင်ဝက်ခန့်အကွာရှိ နဘက်တာတောလမ်း တစ်နေရာတွင် Myaung Special People’s Defense Force- MSPDF၊ 27 Revolution Forces (မြင်းခြံ)၊ Myaung Generation Guerrilla Force (MGGF) ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ နံနက် ၉ နာရီခန့်တွင် မိုင်းသုံးလုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ (စစ်ကောင်စီတပ်) ကျွန်တော်တို့ ပွိုင့်နား ရောက်တဲ့အချိန်မှာ ခွဲချလိုက်တာ၊ အလယ်ကြော တည့်တည့်ကို ခွဲလိုက်တာ။ ခွဲပြီးပြီးချင်းကို လဲကျသွားတာ လေးယောက်လောက်ရှိတယ်။ အဲ့လူတွေကို အဲ့နားမှာပဲ မြှုပ်သွားတယ်လို့တောင် ပြန်ကြားတယ်။ ပြီးတော့မှ ဒဏ်ရာရတဲ့လူ အကုန်လုံးကို နဘက်ရွာထဲ ခေါ်သွားတယ်။ ခုအဲ့ရွာမှာ ဝင်နေကြပြီ၊ အဲ့မှာပဲ ဆေးကုသနေကြတယ်” ဟု MSPDF အဖွဲ့ဝင်ဖြစ်သူ မုန်တိုင်းက မဇ္ဈိမကို ပြောသည်။

မိုင်းစစ်ဆင်ရေးတွင် စစ်ကောင်တပ်သား လေးဦး နေရာ၌ သေဆုံးပြီး အယောက် ၂၀ ဝန်းကျင်ခန့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် သေဆုံးမှု ပို၍များနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ 

ယခု တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် မြောင်မြို့နယ်တွင်း တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်တပ်စွဲကာ နေအိမ်များအား မီးရှို့ဖျက်ဆီးမှု ပြုလုပ်လျက် ရှိနေသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ယင်းစစ်ကောင်စီတပ်များ နဘက်ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲနေသောကြောင့် ကျေးရွာနေ ပြည်သူများ နီးစပ်ရာသို့ တိမ်းရှောင်နေရသည်။ 

ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ကလည်း မြောင်မြို့နယ် မြောက်ဘက်မှ တောင်ဘက်ခြမ်းသို့ ဦးတည်ကာ  ရဟတ်ယဉ်တစ်စင်း ပျံဝဲပြီး ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required