အထက်အရာရှိများ၏ ဖိနှိပ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး KNU ထံ ထွက်ပြေး

အထက်အရာရှိများ၏ ဖိနှိပ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး KNU ထံ ထွက်ပြေး

ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အာဏာသိမ်း စစ်ကောင်စီ၏ ခမရ (၆၄၂) တပ်တွင် တာဝန် ထမ်းဆောင်နေသော တပ်သား မောင်မျိုးလွင်ဦး၊ ကိုယ်ပိုင်အမှတ်- တ/၅၄၈၂၁၈ သည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (KNLA)၊ တပ်မဟာ (၅) တပ်ဖွဲ့ထံ လာရောက်ခိုလှုံ အလင်းဝင်ခဲ့ကြောင်း KNU တပ်မဟာ (၅) က ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ထွက်ပြေးလာသော အသက် (၂၃) နှစ်အရွယ် မောင်မျိုးလွင်ဦးသည် စစ်သက် လေးနှစ်ရှိပြီး တပ်စခန်းအတွင်း အထက်အရာရှိများက လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များအပေါ် ဖိနှိပ်ဆက်ဆံမှုများကို မခံနိုင်၍ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ မောင်မျိုးလွင်ဦးက ပြောသည်။

“အထက်အရာရှိတွေက အောက်လက်ငယ်သား အပေါ် မညှာမတာ ခိုင်းတယ်။ အစာရေစာလည်း မဝတဝဘဲ ကျွေးတယ်။ သူတို့ခိုင်းတာ အဆင်မပြေလို့ ရှိရင် ပါးရိုက် နားရိုက်တယ်။ အခန့်မသင့်ရင် ဆောင့်ကန်တယ်။ လက်သီးတွေနဲ့လည်း ထိုးတယ်” ဟု KNU က ထုတ်ပြန်သည့် ဗွီဒီယိုဖိုင်တွင် မောင်မျိုးလွင်ဦးက ပြောဆိုသည်။

"သူတို့အချင်းချင်း အဆင်မပြေရင်လည်း လက်အောက်ငယ်သားအပေါ် ဆဲတယ် ဆိုတယ်၊ အစာရေစာက ကြတော့ တစ်ရက်ကို ဆန်တစ်ဗူးဘဲ ကျွေးတယ်။ တစ်နေကုန်မှ ဆန်တစ်ဗူး ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရေဆိုလည်း တစ်နေကုန်မှ စစ်ရေဘူးနဲ့ တစ်ဗူးဘဲ တိုက်ပါတယ်။ သူတို့တွေကတော့ စားရင် ထမင်းဆိုလည်း ဝဝလင်လင်စားတယ်။ ရေဆိုလည်း ဝဝလင်လင် သောက်တယ်" ဟု ၎င်းကပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် KNLA တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားနေပြီး အဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်များနှင့်အတူ ထွက်ပြေး ခိုလှုံလာသူ ၅၀ ခန့်ရှိပြီဟု ဒီဇင်ဘာလ ကုန်ပိုင်းတွင် KNU ဘက်က ပြောဆိုထားသည်။

KNLA တပ်မဟာ (၅) နယ်မြေတွင် နေ့စဉ် တိုက်ပွဲများ ရှိနေပြီး ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီ ကျော်ခန့်ကလည်း လူသောမြို့နယ် လယ်မူပလော ဒေသအတွင်းသို့ စစ်ကောင်စီ လေယာဉ် တစ်စီး လာရောက် ကင်းထောက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly