အာဖဂန်ပြည်သူများ အခွန်ငွေ မပျက်မကွက် ပေးဆောင်ကြရန် တာလီဘန်တို့ တိုက်တွန်း

By Jio News
27 January 2022
အာဖဂန်ပြည်သူများ အခွန်ငွေ မပျက်မကွက် ပေးဆောင်ကြရန် တာလီဘန်တို့ တိုက်တွန်း

အာဖဂန်နစ္စတန်နိုင်ငံတွင် လူသားချင်းစာနာမှု အကျပ်အတည်း ကြုံတွေ့နေမှု၊ စီမံအုပ်ချုပ်ပုံ လွဲမှားနေမှုနှင့် ဖရိုဖရဲအခြေအနေများ ဖြစ်ပေါ်နေမှုတို့ ရှိနေသော်လည်း ယင်းနိုင်ငံကို ထိန်းချုပ်ထားသည့် တာလီဘန်တို့က နိုင်ငံသားများ အခွန်ငွေများကို မပျက်မကွက် ပေးဆောင်ကြရေးအတွက် တိုက်တွန်းထားသည်။

နိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အကူအညီဖြစ်စေရေးအတွက် အာဖဂန်ပြည်သူများအနေဖြင့် ပေးဆောင်စရာရှိသည့် အခွန်များကို အချိန်မှန်မှန် ပေးဆောင်သင့်သည်ဟု တာလီဘန် ဒုဝန်ကြီးချုပ် အဗ္ဗဒူလ် ဆယ်လမ် ဟာနာဖီက ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

တာလီဘန်အစိုးရအဖွဲ့၏ အခြားသော အကြီးတန်းအစိုးရအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ပြီး ကဘူးလ်မြို့၌ "ဘဏ္ဍာရေး ရက်သတ္တပတ်" ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် စည်းဝေးပွဲတစ်ခု၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"အခွန်တွေ ပေးဆောင်ဖို့ တတ်နိုင်သူတွေအနေနဲ့ မှန်မှန်ကန်ကန် ပေးဆောင်သင့်ပါတယ်။ ဒါမှလည်း ဘဏ္ဍာငွေတွေကို ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အသုံးပြုနိုင်မှာပါ" ဟု ဟာနာဖီက ပြောသည်။

နိုင်ငံသားပြည်သူများ ၎င်းတို့ဆောင်ရမည့် အခွန်ငွေများကို အချိန်မှန်မှန် ပေးဆောင်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း တိုက်တွန်းထားသည်ဟု Tolo News က ဖော်ပြသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံ၏ အရေးကိစ္စများတွင် အခွန်ငွေများကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး ဟီဒါယက်တူလာ ဘက်ဒရီက ပြောသည်။

"ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်ရမယ့် တာဝန် ရှိပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

အခွန်ငွေများ ကောက်ခံခြင်းက နိုင်ငံတွင် စီးပွားရေး ထိုးစိုက်ကျမှု အခြေအနေတစ်ရပ်ကို ရှောင်လွဲရာတွင် အကူအညီဖြစ်စေနိုင်လိမ့်မည်ဖြစ်ကြောင်း တာလီဘန်ကြားဖြတ်အစိုးရ၏ အခြားသော အဖွဲ့ဝင်များကလည်း ပြောခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly