အထူး သံတမန် လာရောက်ခွင့်နှင့် အကူအညီများ ပေးခွင့်ပြုရန် စစ်ကောင်စီ ခေါင်းဆောင်ကို ဟွန်ဆန် တိုက်တွန်း 

အထူး သံတမန် လာရောက်ခွင့်နှင့် အကူအညီများ ပေးခွင့်ပြုရန် စစ်ကောင်စီ ခေါင်းဆောင်ကို ဟွန်ဆန် တိုက်တွန်း 

ဇန်နဝါရီ ၂၇

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အထူးသံတမန် လာရောက်ခွင့်နှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်ခံရေးတို့အတွက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာစစ်ကောင်စီအကြီးအကဲကို တိုက်တွန်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

အာဆီယံ ဥက္ကဋ္ဌအနေဖြင့် ဟွန်ဆန်သည် စစ်အာဏာရှင်ဆန်သော ခေါင်းဆောင် မင်းအောင်လှိုင်အား ဗီဒီယိုကောဖြင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေး ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာကျင့်သုံးရန် မေတ္တာရပ်ခံခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Kao Kim Hourn က သတင်းထောက်များကို ပြောသည်။ 

အာဆီယံ ခေါင်းဆောင်များနှင့် ပြီးခဲ့သည့်နှစ် ဧပြီအတွင်း မျက်နှာချင်းဆိုင် တွေ့ဆုံစဉ်က မင်းအောင်လှိုင် သဘောတူလက်ခံခဲ့သော ဘုံသဘောတူညီချက် ငါးရပ်မှာ ရန်လိုတိုက်ခိုက်များ ပြေငြိမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်ခံရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများ ဖြစ်ထွန်းရေးတို့ ပါဝင်သည်။ 

“သူက အကြီးအကဲ မင်းအောင်လှိုင်ကို ဖြေလျှော့ရေးအတွက် တိုက်တွန်းခဲ့ပါတယ်၊ ဒါမှပဲ နောက်ပိုင်းမှာ ပထမဆုံးအဖြစ် အာဆီယံ အထူးသံတမန် မြန်မာနိုင်ငံဆီ သွားရောက်နိုင်မှာ ဖြစ်ပါတယ်”ဟု Kao Kim Hourn က ပြောသည်။ 

“အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ အပစ်ရပ်ရေး ပေါ်ပေါက်ဖို့အတွက်လည်း မြန်မာအစိုးရ အပါအဝင် ဆိုင်ရာအားလုံးကိုလည်း သူက မေတ္တာရပ်ခံခဲ့တယ်၊ အကူအညီ လိုအပ်မှု အရှိဆုံး မြန်မာပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရာမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဖို့ကိုလည်း စစ်ကောင်စီအကြီးအကဲကို ဖိတ်ကြားခဲ့တယ်”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် တစ်နှစ်က ရွေးကောက်ခံအစိုးရအား စစ်တပ်က ဖြုတ်ချပြီး ဆန့်ကျင်ကန့်ကွက်သူများကို စစ်ကောင်စီ၏ ဖြိုခွင်းမှု၌ အရပ်သား ၁၅၀၀ ခန့် သေဆုံးရခြင်းနှင့်အတူ အကျပ်အတည်း ဆိုက်ရောက်လျက် ရှိသည်။ တောနယ်ပိုင်းက တပ်ဖွဲ့ဝင်များသည် ဒီမိုကရေစီ လိုလားသော ပြည်သူ့စစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်နေရလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required