ပျူစောထီးအဖွဲ့၏ စစ်သင်တန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီးဆိုသူ ၃ ဦး သေဆုံးဟုဆို

ပျူစောထီးအဖွဲ့၏ စစ်သင်တန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီးဆိုသူ ၃ ဦး သေဆုံးဟုဆို

ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ပျူစောထီးများကို စစ်သင်တန်းပေးနေသည့် စခန်းတစ်ခုအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး နှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ သုံးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၂ နာရီခန့်တွင် ပုလဲမြို့ တောင်ဘက် ကိုး မိုင်အကွာ ဇီးဖြူကုန်းရွာတွင် အင်အား ၃၀ ခန့်ဖြင့် စစ်သင်တန်းပေးနေသည့် ပျူစောထီးဆိုသူများ၏ စခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“အဲ့ဒီရွာမှာက သုံးပုံတစ်ပုံလောက်က ပျူတွေဖြစ်တယ်ပေါ့။ သူတို့သင်တန်းပေးနေတာကို ကျွန်တော်တို့သတင်းသိရတယ်။ ဒါကြောင့် မနက်အစောပိုင်းမှာ အလစ်အငိုက် ဝင်တိုက်တာပါ ။ ရွာထဲကသတင်းပြန်ကြားရတဲ့အချက်အရ ကျဆုံးမှုကို ကျွန်တော်တို့ အတိအကျထုတ်ပြန်နိုင်တာပါ ”ဟု အောင်ဆန်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့တိုက်ပွဲအား အောင်ဆန်းတပ်ဖွဲ့နှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသည့် ရဲဘော်မှာ လက်လုပ်လက်နက်ပစ်ခတ်ရင်း ဒဏ်ရာရခဲ့ခြင်းသာဖြစ်ကြောင်း မစိုးရိမ်ရကြောင်း အောင်ဆန်းတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required