အမေရိကန်နှင့် ဂျပန်တို့က တရုတ်ကို ဆန့်ကျင်ဟန့်တားရန် အခိုင်အမာဆုံးဖြတ်ထား

အမေရိကန်နှင့် ဂျပန်တို့က တရုတ်ကို ဆန့်ကျင်ဟန့်တားရန် အခိုင်အမာဆုံးဖြတ်ထား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီအိုတို့သည် ဇန်နဝါရီ ၂၁ ရက်ကပြုလုပ်ခဲ့သည့် မိနစ် ၈၀ နီးပါးကြာ အွန်လိုင်းအစည်းအဝေး၌ ရှင်ကျန်းနှင့် ဟောင်ကောင်ကဲ့သို့သော ဒေသအများအပြားတွင် တရုတ်အစိုးရ၏ လုပ်ရပ်များနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို လက်တွေ့အကောင်ထည်ဖော်ရန် သြစတြေးလျ၊ အိန္ဒိယ၊ အာဆီယံနှင့် ဥရောပ စသည့် စိတ်တူကိုယ်တူနိုင်ငံများနှင့်လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ခေါင်းဆောင်နှစ်ဦးက ကတိပြုခဲ့သည်။

တရုတ်နှင့်မြောက်ကိုရီးယား ဒုံးကျည်ကိစ္စနှင့် ယူကရိန်းအရေးတို့တွင်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

“အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ လက်ရှိအနေအထားကို ပြောင်းလဲဖို့ရာတရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ဖို့ ခေါင်းဆောင်နှစ်ဦးက ထားသလို ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးပါမှုနဲ့ ရေလက်ကြားဖြတ်ကျော်ပြဿနာတွေ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အလေးပေးပြောကြားခဲ့ကြပြီး ရှင်ကျန်းနဲ့ဟောင်ကောင်မှာ တရုတ်အစိုးရရဲ့ ကျင့်ထုံးတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်” ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသနှင့် အခြားနိုင်ငံများရှိ မဟာမိတ်များ၊ မိတ်ဖက်များနှင့် နီးကပ်စွာလုပ်ဆောင်ရန် ကတိကဝတ်ပြုထားဆဲဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရေးအတွက် အရေးပါသော ဖိုရမ်တစ်ခုအဖြစ် သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် အမေရိကန်တို့ ပါဝင်သည့်Quad ၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ကာ ကိုဗစ်-၁၉ တုံ့ပြန်မှု၊ ရာသီဥတုနှင့်သန့်ရှင်းသောစွမ်းအင်နှင့် အခြေခံအဆောက်အအုံကဲ့သို့သော နယ်ပယ်များတွင် Quad အနေဖြင့် လက်တွေ့ကျသော ရလဒ်များ ယူဆောင်လာစေရန် သန္နိဋ္ဌာန်ချခဲ့သည်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင်ကျင်းပမည့် Quad ခေါင်းဆောင်များအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့လာရောက်ရန် ဂျပန်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ကိုလည်း ဘိုင်ဒင်က ကြိုဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly