အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုများကြောင့် တစ်ပတ်အတွင်း လူ ၃၈ ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုများကြောင့် တစ်ပတ်အတွင်း လူ ၃၈ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၏ ကဘူးလ်၊ ဟီရတ်၊ ဖာယက်ဘ် ၊ လက်ဂ်မန် နှင့် နန်ဂါဟာ ပြည်နယ်တို့တွင် အစောပိုင်း သီတင်းပတ်တပတ်အတွင်း သီးခြားစီပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူ ၃၂ ဦး ထက်မနည်း သေဆုံးပြီး အခြား ၁၆ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ပြည်တွင်းမီဒီယာ Pajhwok Afghan News က ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြသည်။

သတင်းများအရ မည်သူမည်ဝါ မသိရသူများက ဟီရတ်ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကို သတ်ခဲ့သလို လက်ဂ်မန်တွင်လည်း မိသားစုတစ်စု၏ မိသားစုဝင် ၅ဦး အသတ်ခံရပြီး နောက်ထပ် မိသားစုဝင် ၁ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Pajhwok Afghan News က ဖော်ပြသည်။

အလားတူ နန်ဂါဟာ ပြည်နယ် လယ်လ်ပူရာ ခရိုင်တွင် ပေါက်ကွဲမှု ၂ ခုကြောင့် ကျောင်းသား ၉ ဦးနှင့် အမျိုးသမီး၂ဦး သေဆုံးပြီး ကလေးငယ် ၄ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ကဘူးလ်တွင်လည်း အမှတ် ၁၃ ရဲတပ်ဖွဲ့ ခရိုင် နယ်နိမိတ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ပစ်ခတ်မှုတစ်ခုကြောင့် မိမိတို့၏ သမီးဖြစ်သူ သေဆုံးခဲ့သည်ဟု မိသားစုတစ်စုက ပြောကြောင်း Pajhwok Afghan News က ဖော်ပြသည်။

ထို့ပြင် ဖာယက်ဘ်၏ ဘယ်လ်ချာ့ ခရိုင်တွင် အုပ်စုအဖွဲ့နှစ်စုအကြား ပဋိပက္ခတစ်ခုအတွင်း လူနှစ်ဦး သေဆုံးပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မိုင်မာနာမြို့တွင်လည်း လုံခြုံရေးတပ်ဖွဲ့များအကြား မတော်တဆ ပစ်ခတ်မိမှုကြောင့် အမျိုးသား၁ ဦး သေဆုံးပြီး အခြား၁ဦး ဒဏ်ရာရခဲ့သည်။ မိုင်မာနာမြို့၌ပင် ဆန္ဒပြပွဲတစ်ခုကနေ အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲခဲ့ပြီး အမျိုးသား၁ဦး သေဆုံးကာ ၄ဦး ဒဏ်ရာများ ရခဲ့သည်ဟု Pajhwok Afghan News က ဖော်ပြသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် မြို့တော်ကဘူးလ်၌ ပေါက်ကွဲမှု ၂ခုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာများ ရခဲ့သည်ဟု သတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly