လှိုင်မြို့နယ်ရှိ စစ်ကောင်စီ ဒုတပ်ရင်းမှူး နေအိမ် ဗုံးဖောက်ခွဲခံရ

လှိုင်မြို့နယ်ရှိ စစ်ကောင်စီ ဒုတပ်ရင်းမှူး နေအိမ် ဗုံးဖောက်ခွဲခံရ

ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် မာလာမြိုင် (၃)လမ်း အတွင်းရှိ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇေယျာမြင့်သိန်း နေအိမ်ကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်သည်။

“အဝေးထိန်းနဲ့ ဗုံးနှစ်လုံး ဖောက်ခွဲခဲ့တာပါ။ နေအိမ်အပြင် ကားတစ်စီးလည်း ပေါက်ကွဲ ပျက်စီးမှု ရှိခဲ့ပါတယ်။ လူတော့ ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမ သတင်းဌာနကို ပြောသည်။

နေအိမ် ဗုံးဖောက်ခွဲ ခံရသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇေယျာမြင့်သိန်း သည် စစ်ကောင်၏ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အင်းတိုင်တပ်ရင်းတွင် ဒုတပ်ရင်းမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

ဗိုလ်မှူးဇေယျာမြင့်သိန်း သည် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ် အတွင်း ထိုးစစ်ဆင်မှုများတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း ဆိုသော်လည်း သီးခြား အတည်မပြုခြင်း မရှိသေးပေ။

ယခုဖြစ်စဉ်သည် ရန်ကုန်မြို့ပေါ်တွင် တာဝန် ထမ်းဆောင်ဆဲ စစ်ကောင်စီ လက်အောက်ခံ စစ်တပ် အရာရှိ နေအိမ် ပထမဆုံး အကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အလားတူ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်မည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

ပုံစာ- ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required