Total နှင့် Chevron တို့ မြန်မာနိုင်ငံမှ ထွက်ခွာမည်

Total နှင့် Chevron တို့ မြန်မာနိုင်ငံမှ ထွက်ခွာမည်
Photo - Daily Mail/AP

ဇန်နဝါရီလ၂၁ ရက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဥပဒေစိုးမိုးမှုပိုင်း ယိုယွင်းဆိုးရွားလာမှုတို့ကြောင့် မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းနေပြီဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ပြင်သစ်ကုမ္ပဏီ TotalEnergies က ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။ တချိန်တည်းမှာပင် အမေရိကန်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Chevron ကလည်း မြန်မာနိုင်ငံကနေ ထွက်ရန် စီစဥ်နေပြီဟု ပြောသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် အဓိကဝင်ငွေရလမ်းရင်းမြစ်အဖြစ် ဆက်ရှိနေသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအပေါ် ပစ်မှတ်ထားပြီး နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရေး ပြင်သစ်ကုမ္ပဏီက တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခု ကြေညာချက် ထွက်ရှိလာခြင်းဖြစ်သည်။

မြန်မာ၏ ရတနာ ကမ်းလွန်ဓာတ်ငွေ့ လုပ်ကွက် စီမံကိန်းတွင် ပါဝင်ပတ်သက်လုပ်ဆောင်မှုအတွက် Total နှင့် Chevron တို့သည် ဖိအားများအောက် တိုးမြှင့်ကျရောက်ထားခဲ့သည်။ Total သည် မြန်မာဓာတ်ငွေ့လုပ်ကွက်တွင် အဓိကရှယ်ယာတစ်ခု ရှိပြီး ယင်း၏ နေ့စဥ် လုပ်ငန်းများကို လည်ပတ်ရာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က အစိုးရကိုယ်စား အခွန်ဘဏ္ဍာငွေများကို ကောက်ခံသည်။

"ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဒီနိုင်ငံ (မြန်မာ) ရဲ့ ဖြစ်စဥ်တွေကို ကျွန်တော်တို့ တွေ့မြင်ထားခဲ့ရတယ်၊ ကောင်းတဲ့ဖြစ်စဥ်တွေ မဟုတ်တာက သေချာပါတယ်၊  မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး နဲ့ လူ့အခွင့်အရေး အခြေအနေတွေက လတွေနဲ့ကြာ ယိုယွင်းဆိုးရွားလာနေခဲ့တယ်၊ စီဒီအမ် လှုပ်ရှားမှုတွေ ရှိနေပေမယ့် အာဏာသိမ်းစစ်အုပ်စုက အာဏာကို ဖက်တွယ်ထားတုန်းပဲ၊ ကျွန်တော်တို့ရဲ့ အကဲဖြတ်ချက်အရ ဒါက ရေရှည်အတွက် မကောင်းပါဘူး" ဟု Total က ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သည် ယင်းကို ဆန့်ကျင်သူများနှင့် အမြင်သဘောကွဲလွဲသူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့ပြီး လူငယ်အမျိုးသားများနှင့် ယောကျ်ားလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းတို့ကို ကျူးလွန်ထားခဲ့သည်။

Total က ယင်းအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လျော်ကြေး မပါဘဲ ရုပ်သိမ်းထွက်ခွာမည်ဖြစ်ကြောင်းနှင့် ယင်း၏ အစုရှယ်ယာများကို အခြား ရှယ်ယာရှင်များကို လွှဲပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး ၅၀ ရာခိုင်နှုန်းခန့်သည် သဘာဝဓာတ်ငွေ့ အခွန်ဘဏ္ဍာငွေများကနေ လာပြီး MOGE အနေဖြင့် ၂၀၂၁-၂၀၂၂ ကာလတွင် ကမ်းလွန်နှင့် ပိုက်လိုင်း ပရောဂျက်များကနေ ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံခန့် ရရှိဖွယ် ရှိသည်ဟု ခန့်မှန်းချက်တစ်ရပ်အရ သိရသည်။ စစ်အုပ်စုအပေါ် ယခင်ချမှတ်ထားခဲ့သော အမေရိကန်နှင့် ဥရောပ၏ ဒဏ်ခတ်ပိတ်ဆို့မှုများထဲတွင် ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍ မပါဝင်ထားခဲ့ပေ။

Total ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် မကြာမီမှာပင် Chevron ကလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး "လက်ရှိအခြေအနေများအရ" ယင်းလည်း ထွက်ခွာတော့မည်ဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required