ရန်ကုန်မြို့ လမ်းမကြီးအချို့တွင် မီးပွိုင့်များ ပျက်နေ၍ ယာဉ်ကြောပိတ်ကာ ယာဉ်မောင်းများ ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်နေ

ရန်ကုန်မြို့ လမ်းမကြီးအချို့တွင် မီးပွိုင့်များ ပျက်နေ၍ ယာဉ်ကြောပိတ်ကာ ယာဉ်မောင်းများ ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်နေ

ဇန်နဝါရီ ၂၁

ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်နဲ့ ဗဟန်းမြို့နယ်က လမ်းမကြီးအချို့မှာ ဒီနေ့ ဇန်နဝါရီလ ၂၁ ရက် က မီးပွိုင့်တွေ ပျက်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

လမ်းရှင်းပေးမယ့် ယာဉ်ထိန်းရဲတွေ မရှိလို့ ယာဉ်မောင်းအချို့က ဝင်ရှင်းပေးနေရပြီး ယာဉ်မောင်းအချင်းချင်းလည်း ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မှာ မြို့နယ်အလိုက် မီးပျက်တာက တစ်ခါပျက်ရင် သုံးနာရီအထိကြာပြီး တချို့မြို့နယ်မှာဆိုရင် တစ်နေကုန်ပျက်နေတာပါ။ မီးပွိုင့်တွေက လျှပ်စစ်ဓာတ်အား သုံးထားတာကြောင့် ပျက်တာ ဒီလောက် များလာသလားလို့လည်း တွေးမိပါတယ်။ အခု လမ်းပေါ်မှာ ပျက်နေတယ်ဆိုတဲ့ မီးပွိုင့်တွေက ရုံးတက်၊ ရုံးဆင်းချိန်မှာ ပျက်တာတွေ ပိုဖြစ်နေပြီး နေ့လယ်ဘက်တွေမှာတေ့ အကောင်းအတိုင်းရှိနေတာ တွေ့ရလို့ တစ်ဖက်ကလည်း တမင်လုပ်သလားလို့တောင် ထင်မိပါတယ်။

ယာဉ်မောင်းတချို့ကလည်း စည်းကမ်းမရှိ၊ ညှာတာမှု မရှိဘဲ လမ်းပိတ်နေတာကို လမ်းဟမပေးဘဲ ရှေ့ကို အတင်းဝင်တိုးတာကြောင့် သူလည်း သွားမရ၊ ကိုယ်လည်း သွားမရ ဖြစ်တာကနေ စကားများ ရန်ဖြစ်ကြတော့တာပါပဲ။

ဒီနေ့ တောင်ဥက္ကလာပမြို့နယ် ဗဟန်း ရွှေဂုံတိုင်မီးပွိုင့်မှာဆိုရင် မီးပွိုင့်ပျက်နေလို့ ယာဉ်ကြောပိတ်တာ နာရီဝက်ကျော်တောင် ကြာပါတယ်။

အရင်ရက်တွေကလည်း ရှစ်မိုင်လမ်းဆုံ၊ သမိုင်းလမ်းဆုံ ၊ တောင်ဥက္ကလာ ဘုရားလမ်းဆုံနဲ့ ရွှေဂုံတိုင်လမ်းဆုံတို့မှာ မနက်ပိုင်းနဲ့ညနေပိုင်းက ရုံးတက်၊ ရုံးဆင်းချိန် တွေမှာ မီးပွိုင့်တွေ ပျက်နေခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့ခဲ့ပါသေးတယ်။

မီးပွိုင့်တွေကို ဆိုလာစနစ်နဲ့ လုပ်ထားတာတွေရှိတယ်လို့လည်း ကြားသိရဖူးပါတယ်။ ဘာလို့အခု အဲ့စနစ်နဲ့ ပြန်လုပ်မပေးတာလဲဆိုတာ နားမလည်နိုင်တော့ပါဘူး။

ပြည်သူတစ်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly