CDM ပြုလုပ်ပြီး အလုပ်ပြန်ဝင်သည့် ဝန်ထမ်းများ၏ ကိုယ်ရေး အချက်အလက်များ စစ်ကောင်စီ ပြုစုနေ

CDM ပြုလုပ်ပြီး အလုပ်ပြန်ဝင်သည့် ဝန်ထမ်းများ၏ ကိုယ်ရေး အချက်အလက်များ စစ်ကောင်စီ ပြုစုနေ

ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းတွင် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့ပြီး လက်ရှိ အလုပ်ပြန်ဝင်နေသော ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၏ နေရပ်လိပ်စာ အတိအကျနှင့် ကိုယ်ရေး အချက်အလက်များကို စစ်ကောင်စီ၏ စေခိုင်းချက်အရ သက်ဆိုင်ရာ ဌာနအလိုက် စာရင်းပြုစုနေသည်ဟု ပုသိမ်ခရိုင် ထွေအုပ်ရုံး ဝန်ထမ်းတစ်ဦးက ပြောသည်။

"တိုင်းထွေအုပ်ရုံး အသိတစ်ယောက် ပြောပြလို့ ဒီလို လုပ်နေတယ်ဆိုတာ သိရတာဗျ၊ ဒီတိုင်းဆိုရင် CDM လုပ်ပြီးမှ အလုပ်ပြန်ဝင်နေတဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်နေတဲ့ သဘောရှိတယ်၊ ရုံးတွင်း သတင်း ပေါက်ကြားတာတို့ ဘာတို့ဆိုရင် CDM ကနေ အလုပ်ပြန်ဝင်နေတဲ့ သူတွေကို တစ်ခုခု လုပ်နိုင်တယ်" ဟု ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ် မေလ ဒုတိယ အပတ်ခန့်ကလည်း CDM ဝန်ထမ်းများ၏ နေရပ်လိပ်စာ အတိအကျနှင့် ရှောင်ပုန်းနိုင်သော နေရာများအား စာရင်းပြုစုထားရန် ဧရာဝတီတိုင်း စစ်ကောင်စီက မြို့နယ် အသီးသီးရှိ အထွေထွေ အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားထားကြောင်း အဆိုပါ ဝန်ထမ်းက ဆက်ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း CDM ဝန်ထမ်း အများအပြားရှိခဲ့ပြီး လက်ရှိ အလုပ် ပြန်ဝင်နေသည့် ဝန်ထမ်းများ ရှိနေခြင်းကြောင့် CDM ဝန်ထမ်း အရေအတွက် အတိအကျ တွက်ချက်ရန် မလွယ်ကူသေးကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီတပ်များနှင့် ရဲများ မတရား ဖမ်းဆီးမှုကြောင့် ပုသိမ် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော CDM ဝန်ထမ်း အများအပြား ရှိနေပြီး အချို့ ရှောင်တိမ်းနေရကြောင်း ပုသိမ်မြို့ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly