ယူကရိန်းကို ကျူးကျော်ခဲ့ရင် ရုရှအတွက် ဘေးဆိုး ကြုံရလိမ့်မယ်လို့ ဂျိုး ဘိုင်ဒင် သတိပေး 

ယူကရိန်းကို ကျူးကျော်ခဲ့ရင် ရုရှအတွက် ဘေးဆိုး ကြုံရလိမ့်မယ်လို့ ဂျိုး ဘိုင်ဒင် သတိပေး 

ဇန်နဝါရီ ၂၀

ယူကရိန်းကို ကျူးကျော်ရင် အမြောက်အမြား လူသေဆုံးမှုနဲ့ စီးပွားရေး ကြီးစွာအထိနာတာတွေ အပါအဝင် တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်လို့ ရုရှကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။  

ရုရှသမ္မတ ပူတင်ဟာ စစ်မဖြစ်ချင်ဘူးလို့ သူအနေနဲ့ ယုံကြည်ထားကြောင်း ဂျိုး ဘိုင်ဒင်က ပြောပေမယ့် ရုရှခေါင်းဆောင်ဟာ ဒေသတွင်း အန္တရာယ်ဖြစ်နိုင်ပြီး အလွယ်တကူ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တဲ့ အခြေအနေကို ဖန်တီးနေတယ်လည်း ပြောဆိုပါတယ်။  

“ပူတင်ဟာ ဒီအတိုင်း မနေဘူးလို့ ကျွန်တော် ထင်တယ်၊ သူ တစ်ခုခုတော့ လုပ်လိမ့်မယ်”ဆိုပြီး ရာထူးရရှိတဲ့ ပထမ တစ်နှစ်ပြည့် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲမှာ ဂျိုး ဘိုင်ဒင်က ပြောပါတယ်။ 

“နယ်စပ်မှာ တပ်ချထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တစ်ခုခု လုပ်ဆောင်လာခဲ့ရင်တော့ ရုရှအတွက် ဘေးဆိုးဖြစ်လာတော့မှာပဲ”လို့ သူက ဆိုပါတယ်။ 

“ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေဟာ ရုရှနဲ့ ရုရှစီးပွားရေးကို သိသိသာသာ ထိခိုက်စေမယ့်၊ ဆုံးရှုံးနစ်နာမှု များတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အသင့်ပါပဲ”လို့ ဂျိုး ဘိုင်ဒင်က ပြောပါတယ်။ 

ရုရှတပ်တွေဟာ စစ်အင်အား အားနည်းတဲ့ ယူကရိန်းကို အောင်ပွဲဆင်နိုင်ပုံ ရှိကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။ 

ဒါပေမဲ့ “ရုရှအတွက် အသက်တွေ များစွာ ဆုံးရှုံးနစ်နာရလိမ့်မယ်” သူက ပြောပါတယ်။ 

ရုရှအတွက် ရွေးချယ်စရာ မရှိဘဲ စစ်ခင်းလာမယ်ဆိုရင်တော့ ဆိုးဝါးတဲ့ စီးပွားရေးအကျိုးဆက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း၊ စွမ်းအင် ဝင်ငွေ ဖြတ်တောက်တာကနေ ဒဏ်ခတ်ပိတ်ဆို့တာတွေအထိ ကြုံတွေ့ခံစားရမှာ ဖြစ်တယ်လို့ ဂျိုး ဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

ရုရှနိုင်ငံဟာ ယူကရိန်းနယ်စပ်နားမှာ တပ်ဖွဲ့ဝင် များစွာ တပ်ချထားတာကြောင့် ယူကရိန်းကို ကျူးကျော်ဖို့အတွက် ဖြစ်တယ်ဆိုပြီး အနောက်အုပ်စုက စိုးရိမ်မကင်း ဖြစ်နေတာပါ။ ရုရှကတော့ အဲဒီ စွပ်စွဲချက်တွေနဲ့ ပ တ်သက်လို့ ငြင်းဆန်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly