သာကေတတွင် သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ

သာကေတတွင် သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ

ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၆) ရပ်ကွက် အရှေ့ပိုင်း၊ ဝေဇယန္တာ (၁၀) လမ်း အနောက်တွင် နေထိုင်သည့် ပြောင်ကြီးဆိုသူ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ် ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အောင်သုခ (၁၉) လမ်းထိပ် စက်ဘီးပြင်ဆိုင်မှာ ပစ်ခံရတာ၊ ဘယ်နှစ်ချက်လဲ ဆိုတော့ လေးချက် ငါးချက်ရှိမယ်။ အပစ်လည်း ခံရပြီးရော ဆိုက်ကားနဲ့ ပြန်ပြေးသွားတယ်။ သူက အမှုပွဲစား လုပ်တယ်၊ နှစ်လုံး သုံးလုံး ရောင်းတယ်၊ သတင်းပေးတောင်မှ နှစ်ဖက်ချွန်တဲ့ လူမျိုးပါ။ နောက်ပြီး သူ့သားက ရဲဝန်ထမ်းပါ” ဟု ၎င်းနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ပြောသည်။

ဒလန်ဟုဆိုသူ ပြောင်ကြီးသည် ပစ်ခတ်ခံရစဉ် စက်ဘီးပြင်ဆိုင် အတွင်း ပြေးဝင်ပြီး လူတစ်ဦးအား အကာအကွယ် ယူခဲ့သောကြောင့် ပြောက်ကျားရဲဘော်များ ဆက်လက် တိုက်ခိုက်ခြင်း မပြုသဖြင့် ပုခုံးနှင့် ဝမ်းဗိုက်တွင်သာ ဒဏ်ရာ ရရှိခဲ့ပြီး ရပ်ကွက် ဆရာဝန်ဖြင့် နေအိမ်တွင် ဆေးကုသမှု ခံယူနေရာမှ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သေဆုံးမှု မရှိသေးကြောင်း ဒေသတွင်း သတင်းများ ဖော်ပြနေသော Tharkayta News ပြန်ကြားရေး တာဝန်ခံက အတည်ပြုသည်။

အခင်းဖြစ်ပွားပြီးနောက် သာကေတ (၆) ရပ်ကွက် အရှေ့ပိုင်းတွင် ရဲကားများ လှည့်ပတ် သွားလာနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly